Home သတင်း သင်္ကြန်ပိတ်ရက် ကြိုတင်ဘိုကင်ရယူထားမှုများကြောင့် ဖားအံမြို့ရှိ ဟိုတယ်အများစု အခန်းပြည့်နေ

သင်္ကြန်ပိတ်ရက် ကြိုတင်ဘိုကင်ရယူထားမှုများကြောင့် ဖားအံမြို့ရှိ ဟိုတယ်အများစု အခန်းပြည့်နေ

218

ဧပြီလ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လာမည့် သင်္ကြန်ရက်ရှည် ပိတ်ရက်ကာလများတွင် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ လာရောက်လည်ပတ်ရန် ဟိုတယ်ခန်းများ ကြိုတင်ဘိုကင်(Booking)မှာယူထားမှုများကြောင့် ဖားအံမြို့တွင်းနှင့် မြို့ပြင်ရှိ ဟိုတယ်အများစု အခန်းပြည့်နေသည်ဟု ဝန်ထမ်းများက ပြောသည်။

ဖားအံမြို့သို့ လာရောက်လည်ပတ်မည့် သူများသည် မိမိတို့တည်းခိုလိုသည့် ဟိုတယ်များတွင် အခန်းမရမည်စိုး၍ တစ်လခန့် သို့မဟုတ် လအစပိုင်းရက်များတွင် ကြိုတင်ဘိုကင်မှာယူထားကြပြီး အများအားဖြင့် ရက်ရှည် ခရီးစဥ်နှင့် လာရောက်လည်ပတ်ကြသောကြောင့် ဟိုတယ်အခန်းများတွင် တည်းခိုသူပြည့်ခဲ့သည်ဟု မြို့တွင်းရှိ ဟိုတယ်ဝန်ထမ်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။

၎င်းက “ ဒီသင်္ကြန်ပိတ်ရက်အတွက်ကတော့ ဘိုကင်ယူထားကြတာ များတော့ အခန်းတွေ ပြည့်နေပြီး။ ကျနော်လုပ်တဲ့ ဟိုတယ်မှာဆို ဘိုကင်အကုန်ပြည့်ပဲ။ နှစ်ရက်တို့ လေးရက်တို့ ဆက်တိုက်တည်းကြတဲ့ ဧည့်သည်တွေလည်း ရှိတယ်။ တစ်ခြားဟိုတယ် တော်တော်များကလည်း ဒီသင်္ကြန်နားဆိုရင် အခန်းတွေ ပိုရောင်းရတဲ့ လဖြစ်တဲ့အတွက် ဘိုကင်ပြည့်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လာရောက်လည်ပတ်သူအများစုသည် လူလတ်ပိုင်း အပါအဝင် သက်ကြီးပိုင်းများ ပါဝင်ကြပြီး ရန်ကုန်၊ မော်လမြိုင် စသည့် နယ်ဝေးမှ လာရောက်သူများဖြစ်ကြောင်း အဆိုပါ ဟိုတယ်ဝန်ထမ်းက ဖြည့်စွက်ပြောသည်။

နွေရာသီ သင်္ကြန်ကာလအတွင်း၌ အများပြည်သူ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ဖားအံမြို့နယ်အတွင်းရှိ သဘာဝတောတောင်ရှူခင်းရှိရာ ဟိုတယ်အတွင်း လာရောက်အနားယူကြသလို ခရီးသွားဒေသဖြစ်သည့် လှိုင်း ဘွဲမြို့နယ်ထဲရှိ ကျုံထော်ရေတံခွန် စသည့် နေရာများသို့ ခရီးသွားများ လာရောက်လည်ပတ်မှုများသည်ဟု မြို့ခံများထံမှ သိရသည်။

၎င်းအပြင် ယခုရက်ပိုင်းအတွင်း ‌ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့က မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်ဘေးဒဏ် ကြုံတွေ့ခဲ့ပြီးနောက် လာမည့်သင်္ကြန်ပိတ်ရက်အတွက် ဖားအံသို့ လာရောက် လည်ပတ်ရန် စီစဥ်ထားသည့် ခရီးစဥ်ဖျက်သိမ်းမှုတချို့ ရှိသည်ဟုလည်း ဒေသတွင်း ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများထံမှ သိရသည်။

“ ငလျင်ကြောင့်ပေါ့နော်။ ဒီဘက်လာရင် လည်ဖို့ပတ်ဖို့အတွက် ကိုယ့်နဲ့ ကြိုချိတ်ထားတဲ့ ဧည့်သည်တချို့က Cancel (ပယ်ဖျက်) ပြန်လုပ်လာတာတွေတော့ ရှိတယ်။ သတိထားမိသလောက် မန္တလေးဘက်က ဧည့်သည်တွေ များတယ်။” ဟု မြို့တွင်း ဧည့်လမ်းညွှန်အမျိုးသားတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်တွင် ဟိုတယ်နှင့်တည်းခိုခန်း စုစုပေါင်း ၆၀ ကျော် ရှိကာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ပြည်တွင်းပြည်ပ ခရီးသွား ၄၅၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် ထိုနှစ်အတွင်း ဝင်ငွေရရှိမှု ငွေကျပ်သိန်း ၁၁ လတာကာလတွင် ငွေကျပ်သိန်းပေါင်း ၄ ဒသမ ၇၆၁ ဘီလီယံရှိခဲ့ကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားဌာနမှ သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်နှင့် သံတောင် ကြီးမြို့နယ်များတွင် စစ်ကောင်စီနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ကြား နေ့စဉ်လိုလို ပစ်ခတ်မှု ဖြစ်ပွားလျက်ရှိသည်။ ၎င်းအခြေအနေတို့ကြောင့် နယ်မြေမငြိမ်းချမ်းသေးသည့်အတွက် ခရီးသွားလည် ပတ်မှုနည်းပြီး ဖားအံနှင့် လှိုင်းဘွဲမြို့နယ်သို့သာ ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။