Home တွေ့ဆုံမေးမြန်းခန်း ‘လက်နက်ကိုင် နှစ်ဖက်လုံးက မသုံးတာကတော့ အကောင်းဆုံးပါပဲ။’

‘လက်နက်ကိုင် နှစ်ဖက်လုံးက မသုံးတာကတော့ အကောင်းဆုံးပါပဲ။’

275

‘လက်နက်ကိုင် နှစ်ဖက်လုံးက မသုံးတာကတော့ အကောင်းဆုံးပါပဲ။’

ကော်သူးလေဒေသ မြေမြှုပ်မိုင်း အန္တရာယ်ပညာ‌ပေးစီမံချက် တာဝန်ခံနှင့် မေးမြန်းချက်

ဧပြီ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း အသုံးပြုနေမှုများ၊ မိုင်းကြောင့် ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး ကော်သူးလေ ဒေသတွင်း မိုင်းပညာပေး လုပ်ဆောင်နေမှုများလုပ်ဆောင်နေသည့် ကော်သူးလေဒေသ မြေမြှုပ်မိုင်း အန္တရာယ်ပညာ‌ပေး စီမံချက် တာဝန်ခံ အား ကေအိုင်စီ-ကရင်သတင်းဌာနက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ အခုကာလ မြန်မာနိုင်ငံမှာ မိုင်းအန္တရာယ်နဲ့ မိုင်းအသိပညာပေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ သိတဲ့ အတိုင်းပဲ မြန်မာနိုင်ငံဟာဆိုရင် ၂၀၂၁ ကနေ ၂၀၂၄ထိ မိုင်းထိတဲ့သူတွေ များလာ တာကို တွေ့ရတယ်။ အများဆုံးကတော့ ဒေသခံ ပြည်သူလူထုတွေပဲ။ ကျနော်တို့ သိရသလောက် မြန်မာနိုင်ငံမှာ မိုင်းကြောင့် ထိခိုက်ပြီး သေဆုံးတာ အများဆုံးလို့ သိရတယ်။ အဲ့တာကြောင့် ကျနော်တို့ ပြည်သူလူထုတွေ စစ်ရေး အခြေအနေတွေကြောင့် ပြည်သူလူထု ထိခိုက်တာတွေ မများလာပဲနဲ့ လျော့ပါးသွားဖို့ သူတို့ကိုယ်ကိုယ့် ကာကွယ်နိုင်ဖို့ အသိပညာပေးရခြင်း ဖြစ်တယ်။

မေး။ ။ အခု တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ကာလမျိုးမှာ မိုင်း အန္တရာယ်က ဘယ်လောက်အထိ စိုးရိမ်စရာကောင်းလဲ။
ဖြေ။ ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ကာလမျိုးမှာ မိုင်းကို နှစ်ဖက်လုံးက သုံးစွဲကြတယ်။ စစ်ဖြစ်နေတဲ့ ကာလမိုလို့ တဖက်နဲ့ တဖက် လက်နက်တွေနဲ့ ပစ်တာ မိုင်းတွေကိုလည်း ပိုသုံးများ လာတာ တွေ့ရတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းကို မြန်မာပြည်တွင်းမှာ သုံးတာများလာတယ်။ နောက်ပြီး စစ်ရေးအခြေအနေတွေ များလာတဲ့အတွက် တဖက်နဲ့ တဖက် ပစ်ခတ်တဲ့အခါ မပေါက်ကွဲတဲ့ မိုင်းတွေ ကျန်ခဲ့ပြီး သတင်းတွေမှာ မြင်ရတွေ့ရတာက ကော်သူးလေ နယ်မြေထဲမှာပဲ မဟုတ်ဘဲနဲ့ မြန်မာပြည်တခုလုံးက ပြည်သူတွေ ပေါက်ကွဲစေတဲ့ လက်နက်ဖြစ်ဖြစ် မပေါက်ကွဲသေးတဲ့ မိုင်းဖြစ်ဖြစ် စိုးရိမ်စရာတွေက အများကြီးပဲ။

မေး။ ။ မြန်မာပြည်မှာ မိုင်းအန္တရာယ် အများဆုံး ဒေသလို့ ပြောပါဆိုရင် ဘယ်လို ဒေသမျိုးဖြစ်မလဲ။
ဖြေ။ ။ မိုင်းနဲ့ပတ်သက်တဲ့ သတင်းတွေကို မိုင်းကြောင့် ထိခိုက်သွားတဲ့ နေရာတွေကို ကြည့်မယ်ဆိုရင် ၂၀၂၁ အစပိုင်းနဲ့ ၂၀၂၄ အကုန်ပိုင်းကို ကြည့်မယ်ဆိုရင် မြန်မာပြည်တွင်းမှာ ထိခိုက်အများဆုံးနေရာဆိုရင် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း‌ဒေသကြီး ဒီနေရာ၂ ခုက ပထမ ဒုတိယနေရာမှာ အမြဲရှိတယ်။ တဆက်တည်း ပဲခူးအရှေ့ပိုင်း ဖြစ်တဲ့ ကျောက်ကြီး၊ ရွှေကျင်၊ ထန်းတပင် အဲ့လိုနေရာတွေမှာလည်း တတိယနေရာမှာ ရှိပြီး ဒါဏ်ရာ ရတဲ့သူတော်တော်များ ရှိတယ်။

မေး။ ။ မိုင်းတွေကို ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက အသုံးပြုမှုအများဆုံး ပြုလုပ်တာကို တွေ့ရလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံက မိုင်းသုံးစွဲတာနဲ့ မိုင်းထိမိတဲ့ သူတွေရှိတဲ့ အထဲ အဖွဲ့အစည်းတခုဖြစ်တဲ့ တစ်နှစ် တခေါက်တင်ပြရတာရှိပြီး ၂၀၂၄-၂၀၂၅ ဖော်ပြချက်အရ ဒီတော်လှန်ရေးနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကပဲ သုံးစွဲနေတာ ဖြစ်တယ်။

မေး။ ။ အခု ပဋိပက္ခကာလမျိုးမှာ ပြည်သူတွေ ကြုံတွေ့ရအများဆုံး မိုင်းအန္တရာယ်က ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။
ဖြေ။ ။ အဲ့တာကတော့ ၂ ခုပြောရမယ်။ တခုက မိုင်း သူများတွေ ဘယ်နေရာမှာ ခင်းထားလဲဆိုတာကို ပြည်သူ တွေ မသိတာရှိတဲ့အတွက် သွားလာတဲ့ အခါမှာ ထိခိုက်တာတွေရှိတယ်။ တချို့ကျတော့ သူတို့နေထိုင်တဲ့ နေရာမှာ ပစ်ခတ်မှုတွေရှိတဲ့ အတွက် ထွက်ပြေးတိမ်းရှောင်ရတယ်။ နောက်ပိုင်း သူတို့ ပြန်လာလုပ်ကိုင် စားသောက်တဲ့အခါမှာ ထိခိုက်မိတာတွေရှိတယ်။

နောက်တခုက မပေါက်ကွဲသေးတဲ့ မိုင်းတွေ ပြည်သူတွေက သိတဲ့ သူရှိသလို မသိတဲ့ သူလည်း ရှိတယ် အဲ့ဒီအခါ သူတို့က သွားကလိမိတာတို့ မီးရှို့မိတာတို့ အဲ့တာတွေကြောင့် ထိခိုက်မိတာ ရှိတယ်။ အဲ့တာကြောင့် ပြန်ကြည့်ရ မယ်ဆိုရင် ပြည်သူတွေ မိုင်းရှိမှန်းမသိဘဲ သွားကိုင် မိတာတွေကြောင့် ထိခိုက်သေဆုံးတာတွေ ရှိမယ်။ တချို့ ကျတော့ သိကြတယ်။ ဒါပေမဲ့ သတိလက်လွတ်နေမိတာ အလေးမထားတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိတယ်။ ဒါကြောင့် ဒီအရာတွေက ပြည်သူတွေအတွက် ကြောက်စရာ အကောင်းဆုံး လက်နက်တွေပါပဲ။

မေး။ ။ မိုင်းကြောင့် ပြည်သူတွေ ထိခိုက် သေဆုံးမှုနှုန်းက အခုနှစ်တွေထဲမှာ ဘယ်လောက်ရှိလဲ။ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ဘယ်နေရာမှာ အများဆုံးတွေ့ရလဲ။
ဖြေ။ ။ မိုင်းစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားတာဆိုရင် ၂၀၂၃ခုနစ်မှာ ၁၀၀၃ ခေါက်ရှိတယ်လို့ သိရတယ်။ ခု၂၀၂၄ ရဲ့ အချက်အလက်ကတော့ ခုထိမတွေ့ရသေးဘူး။ ခန့်မှန်းချက်အရ ၂၀၂၃ထက် များမဲ့ အပေါ်မှာရှိတယ်။ စစ်ကိုင်းနဲ့ရှမ်းပြည်မြောက်ပိုင်းက အများဆုံးဖြစ်ပြီး ပဲခူးအရှေ့ပိုင်းကတော့ အများဆုံးတွေရတယ်။

မေး။ ။ မိုင်းကို နှစ်ဖက်လက်နက်ကိုင် နှစ်ခုစလုံးက အသုံးပြုနေတာပေါ့။ ဒီမိုင်းအန္တရာယ် လျော့နည်းသွား အောင် သူတို့ကို ဘယ်လိုပြောချင်လဲ။
ဖြေ။ ။ လက်နက်ကိုင် နှစ်ဖက်လုံးက မသုံးတာကတော့ အကောင်းဆုံးပါပဲ။

မေး- ဒီလို မိုင်းအန္တရာယ်ကင်းရှင်းနိုင်ဖို့က ဘယ်လောက်အထိ စိန်ခေါ်မှုတွေရှိနေလဲ။ ဘယ်အခြေအနေအပေါ်မှာ မူတည်နိုင်မလဲ။
ဖြေ။ ။ အခက်အခဲနဲ့ စိုးရိမ်စရာကတော့ မြန်မာနိုင်ငံအတွက်တော့ အရေးကြီးဖြစ်တယ်။ ဘာဖြစ်လို့လဲဆို ကျနော် တို့ မြန်မာနိုင်ငံတွင်းမှာက စစ်ဖြစ်နေတယ်။ မိုင်းတွေက ပြီးခဲ့တဲ့ နှစ်မှာကတည်းက တိုက်ပွဲဖြစ် ကတည်းက ရှိနေပြီးသား။ အဲ့ထဲမှာက ဒီလို နှစ်ဖက်တိုက်ပွဲဖြစ်နေရဆုံးက အကြီးဆုံးအခက်အခဲ ဖြစ်နေတယ်။ ဒါကြောင့် မိုင်းတွေကလည်း ရှိနေတယ်။ အဲ့တာတွေကို ကျနော်တို့ ပပျောက်အောင်ရှင်းထုတ်ချင်တယ်။ ဒါပေမဲ့ ဒီလို တိုက်ပွဲ တွေ ဖြစ်နေတဲ့ အတွက် ရှင်းထုတ်ဖို့ဆိုတာ မဖြစ်နိုင်၊ မလွယ်ဘူး၊ အချိန်အခါလည်း မရောက်သေးဘူး။ ဒီအရာတွေကို မရှင်းထုတ်နိုင်သေးတဲ့အတွက် လုပ်နိုင်တာက အသိပညာများများ ပေးရမယ်။ အဓိကတော့ ပြည်သူတွေပိုသိဖို့ နဲ့ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့ပါပဲ။

ဒါပေမဲ့ နောက်အခက်အခဲက ဒီအသိပညာပေးဖို့ကို ဒေသအခြေအနေတွေက သိပ်မကောင်းတဲ့ အတွက်ကြောင့် အသိပညာပေးဖို့တောင် အခက်အခဲဖြစ်ပြီး ကာကွယ်ပေးဖို့ခက်တယ်။ နောက်တခုက မိုင်းအသိပညာပေးတာက တခေါက်ပြောရုံနဲ့ ပြီးတာမဟုတ်ဘူး။ ကျနော်တို့ တခေါက်ပြောလို့ ပြည့်စုံသွားပြီ မဟုတ်ဘူး။ သူတို့ရဲ့ စိတ်ထဲမှာ ထားရှိတဲ့ သဘောထားကို လက်ခံနိုင်ဖို့ သွင်ပြင်လက္ခဏာတွေ ပြောင်းလဲသွားစေနိုင်တဲ့ အတွက် လက်ခံနိုင်ဖို့ အချိန်ယူရမယ်ထင်တယ်။

ဒီမိုင်းအန္တရာယ်ထိခိုက်မိတာနဲ့ ပတ်သက်ပြီးတော့ ပံ့ပိုးတဲ့ အဖွဲ့အစည်းတွေရှိတယ်။ ခြေထောက်အတုတပ်ပေးတာ ရှိမယ်။ နောက်တခုက သူ့တို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ထောက်ပံ့တာတွေရှိတယ်။ ဒါပေမဲ့ ပြည့်စုံမှု မရှိ သေးဘူး။ လိုအပ်ချက်ကြီးကြီးမားမားတွေ အများကြီးကျန်သေးတယ်။ ဒီမိုင်းကြောင့် ထိခိုက်မိတဲ့ သူတွေကို ထောက်ပံ့ဖို့ အတွက်ကတော့ အခက်အခဲတခုလို ဖြစ်နေပါသေးတယ်။

မေး။ ။ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီးတော့ ဘာများဖြည့်စွက်ပြောချင်ပါသေးသလဲ။
လက်ရှိ မြန်မာပြည်အခြေအနေအရ နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေအုံးမယ် ဆိုတော့ ဒီမိုင်းအန္တရာယ်ကတော့ ဆက်ရှိနေအုံးမယ်။ အဲ့တာကြောင့် ကျနော်တို့ ပြည်သူလူထုကြား ထိခိုက် သေဆုံးမှုတွေ ကျဆင်သွားအောင် ကာကွယ်နိုင်ဖို့ အဖွဲ့အစည်းကဖြစ်ဖြစ် ခေါင်းဆောင်ပိုင်းကဖြစ်ဖြစ် နောက်ပြီး ပြည်သူလူထုတွေအနေနဲ့ ကိုယ့် တတ်နိုင်တဲ့ ဘက်က ပူးပေါင်းပါဝင်ပြီး ဒီအခက်အခဲကြီးကို ပပျောက်အောင် လုပ်ဆောင်ကြပါစို့လို့ ပြောချင်ပါတယ်။