Home သတင်း ယူကေက ငလျင်အတွက် ပေါင် ၁၀ သန်း ထပ်ကူညီမည်

ယူကေက ငလျင်အတွက် ပေါင် ၁၀ သန်း ထပ်ကူညီမည်

288
Photo- Myanmar Fire Services Dep-

ဧပြီ ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယူကေ (UK) အစိုးရက မြန်မာနိုင်ငံ ငလျင်ဘေးအတွက် စတင်လင်ပေါင် ၁၀ သန်းထပ်မံ ကူညီမည်ဟု အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ယူကေဝန်ကြီး Catherine West က ဧပြီ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

ယူကေအနေဖြင့် မြန်မာနိုင်ငံ ငလျင်ဘေးအတွက် မတ် ၂၉ ရက်နေ့တွင် စတာလင်ပေါင် ၁၀ သန်း၊ ဧပြီ ၃ ရက်နေ့ တွင် စတာလင်ပေါင် ၅ သန်းနှင့် ယနေ့ ဧပြီ ၅ ရက်နေ့တွင် စတာလင်ပေါင် ၁၀ သန်း ထပ်မံကူညီသွားမည် ဖြစ်ပြီး စုစုပေါင်း ပေါင် ၂၅ သန်းကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေအပ်သွားမည်ဟု ထုတ်ပြန် ထားသည်။

“ကျွန်မတို့အခုလို အရှိန်အဟုန်မြှင့်ပြီး ကူညီတာဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုပါ။ ယူကေအစိုးရရဲ့ လျင်မြန်တဲ့ တုံ့ပြန်ချက်များကြောင့် အသက်ကယ်ဆယ်ရေးထောက်ပံ့မှုများဟာ ငလျင်ဒဏ်အဆိုးရွားဆုံးခံရသူများဆီသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အခု ထပ်တိုးရန်ပုံငွေကြောင့် မြေပြင်မှာရှိနေတဲ့ ကျွန်မတို့ရဲ့မိတ်ဖက်တွေအနေနဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်မှာဖြစ်ပါတယ်” ဟု ယူကေ အင်ဒို- ပစိဖိတ် ဒေသဆိုင်ရာ ဝန်ကြီးက ပြောသည်။

ထို့အပြင် ငလျင်ဘေးမသင့်မှီ လွန်ခဲ့သည့် ၄ နှစ်ကတည်းက ပဋိပက္ခများကြောင့် မြန်မာသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည်ဟု ယူကေ ဝန်ကြီးက ပြောသည်။

ငလျင်ဘေးအတွက် ယူကေအစိုးရ၏ အထောက်အပံ့များသည် ငလျင်ဘေးဒဏ်သင့် ဒေသများသို့ ရောက်ရှိနေပြီး အကူအညီလိုအပ်သူ ၁၅,၀၀၀ ဦးကျော်ထံ ကူညီနေပြီး ဖြစ်သည်။ ထိုအထောက်အပံ့များမှာ ရှေးဦးသူနာပြု အကူအညီပေးခြင်း၊ အရေးပေါ်နှင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း၊ အခြေခံ ကျမ်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ စားနပ်ရိက္ခာ၊ ရေနှင့် နေထိုင်ရန် အမိုးအကာနှင့် တစ်ကိုယ်ရည်သန့် ရှင်းရေးအသုံးအဆောင်ပစ္စည်းများ ပေးအပ်ခြင်းများ ပါဝင်သည်ဟု ယူကေအစိုးရက ပြောသည်။

ထို့အပြင် ယူကေက မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစ၍ မြန်မာအတွက် အကူအညီ စတာလင် ပေါင် သန်း ၁၇၀ ပေးအပ်ထားသည်ဟု ယူကေအစိုးရက ထုတ်ပြန်ပြောသည်။