Home သတင်း မြန်မာအတွက် ရံပုံငွေအမြန်ထည့်ဝင်ပေးရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

မြန်မာအတွက် ရံပုံငွေအမြန်ထည့်ဝင်ပေးရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

742
Photo-UN

ဧပြီ ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် ငလျင်ဘေးသင့် ပြည်သူများအတွက် လူမှုဘဝရှင်သန်ရေး အကူအညီများ အရေးပေါ်လိုအပ် နေသည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရံပုံငွေများ အမြန်ဆုံးထည့်ဝင်လှူဒါန်းပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်က တိုက်တွန်း ပြောကြားသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့တွင် မြန်မာတွင် ငလျင် ပြင်းထန်စွာ လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်ဖြစ်သည့် နေရာ များ၌ ပျက်စီးမှုများပြီး လူထောင်နှင့်ချီသေဆုံးရကာ နိုင်ငံတစ်ဝန်းရှိ ပြည်သူများသည်လည်း အကူအညီ လိုအပ်နေသည့်အတွက် ယခုလို လူသားချင်းစာနာထောက်ထားမှုအကူအညီများ အမြန်ဆုံးအကူအညီပေးရန် ၎င်းက တိုက်တွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ငလျင်မဖြစ်ပွားမှီအချိန်ကတည်းက နိုင်ငံတစ်ဝှမ်းရှိ သန်းနှင့်ချီသောပြည်သူလူထုများသည် ပြည်တွင်း စစ်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို လက်ရှိအချိန်တွင် ငလျင်ဘေး ထပ်ကြုံနေရသည်။ ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ သန်း၂၀ နီးပါး လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုနေသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောဆိုသည်။

“အခုချိန်မှာ မြန်မာပြည်သူ ပြည်သားများနဲ့ အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ရမည့်အချိန်ဖြစ်ပါတယ်။ ကုလ သမဂ္ဂသည် မြန်မာနိုင်ငံပြည်သူများအတွက် လိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက် ထောက်ပံ့သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ငလျင်ကြောင့် မြန်မာတွင် လုံးဝပျက်သုန်း ပျက်စီးမှုများကာ စိတ်ပျက်အားငယ်နေသည်ကို တွေ့ရသလို ငလျင် ကြောင့် သေဆုံးသူ ၃,၀၀၀ ဦးကျော်ရှိပြီးဖြစ်ကာ ထောင်နဲ့ချီပြည်သူများလည်း ဒဏ်ရာရရှိခဲ့ပြီး အပျက်အစီးများ အောက်၌ ပိတ်မိနေသူများလည်း ရှိသည်ဟု သူက ထောက်ပြသည်။

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်WFPမှ ဧပြီလ ၁ရက်နေ့တွင် ငလျင်ဘေးသင့်ဒေသအများဆုံးခံရသည့် မန္တလေး၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်စသည့် နေရာ ၄ နေရာတွင်သွားရောက်ကာ ငလျင်ဘေး ကြောင့် ရှင်ကျန်သူဦးရေ ၂၄,၀၀၀ ဦးကို အကူအညီပေးနိုင်ခဲ့သည်။ ထို့အပြင် ငလျင်ဘေးသင့်ပြည်သူ ၈၅၀,၀၀၀ ဦးကို ကူညီသွားရန် လုပ်ဆောင်မည်ဟု ဧပြီ ၃ ရက်နေ့က ထုတ်ပြန်သည့် WFP ၏ အစီရင်ခံစာ၌ ဖော်ပြထား သည်။

ထို့ကြောင့် အဆိုပါလူဦးရေ ၈၅၀,၀၀၀ ဦးအတွက် အရေးပေါ်အကူအညီ ဒေါ်လာသန်း ၄၀ လိုအပ်နေသည်ဟု ကုလ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်-WFP က ပြောသည်။
ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူလူထုများကိုစာနာထောက်ထားသောအားဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြင့် ဆောင်ရွက်နိုင်ရန်ရည်ရွယ်သည်ဟုဆိုကာ စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ အထိ ယာယီအပစ်ခတ်ရပ်စဲသွားမည်ဟု ထုတ်ပြန်ထားသော်လည်း တိုင်းရင်းသား လက်နက် ကိုင်နယ်မြေအများအပြားတွင် လေကြောင်းတိုက်ခိုက်မှု၊ လေကြောင်းကင်းထောက်မှုများ ယနေ့အချိန်ထိ လုပ်ဆောင်နေသည်ဟု တော်လှန်ရေးတပ်များက ပြောဆိုထားသည်။