နှစ် လေးဆယ်ပြည့် KWO စည်းရုံးလှုပ်ရှားမှုများ
(ဧပြီ ၆ ရက်၊ ၂၀၂၅ ခုနှစ်) ကေအိုင်စီ
၁၉၈၅ ခုနှစ်၊ ဧပြီ ၅ ရက်နေ့တွင် ကရင်အမျိုးသမီးအစည်းအရုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခိုင်ခိုင်မာမာ ပြန်လည် ဖွဲ့စည်းခဲ့သည်မှာ ယခုနှစ် ဧပြီ ၅ ရက်နေ့တွင် နှစ် ၄၀ ပြည့်ခဲ့ပြီး ဖြစ်သည်။
စင်စစ် ကရင်အမျိုးသမီးအစည်းအရုံးကို ကရင်တော်လှန်ရေးနှင့်အတူ ၁၉၄၉ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က လိုအပ်ချက်အရ KWO ဦးဆောင်မှုတချို့နေရာများတွင် ကရင်အမျိုးသားများက ဦးဆောင် ပေးခဲ့ခြင်းမျိုးလည်း ရှိခဲ့ဖူးသည်။
ထို့အပြင် ကရင့်တော်လှန်ရေး စစ်ရှိန်မြင့်တက်ချိန် နေရာရွှေ့ပြောင်းခဲ့ရမှုများ လည်းရှိခဲ့ပြီး KWO သည်လည်း အားနည်းသွားခဲ့သည်။ ထို့နောက် အထက်တွင်ဆိုခဲ့သည့်နည်းတူ KWO ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၁၉၈၅ ဧပြီ ၅ ရက်နေ့တွင် စနစ်တကျ ခိုင်ခိုင်မာမာ ပြန်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
KWO အလံတော်
ကရင်အမျိုးသမီး အစည်းအရုံး-KWO ၏ အလံတော်သည် အနီနှင့် အပြာရောင်ကို တစ်ဝက်စီပိုင်းခြားထားသည်။ အပေါ်ပိုင်း အနီရောင်သည် ရဲရင့်ခြင်းကို ကိုယ်စားပြုသည်။ အလံတော် အောက်ဖက် အပြာရောင်သည် ငြိမ်းချမ်း ရေးကို ကိုယ်စားပြုသည်။ ကရင့်အမျိုးသမီးများသည် ရဲ့ရင့်ပြီး ငြိမ်းချမ်းရေးကိုလိုလားသူများ ဖြစ်သည်။
အလံတော်၏ အလယ်တွင် ငွေကြယ် တစ်လုံးပါရှိပြီး ထိုကြယ်သည် အမျိုးသမီးများကို ကိုယ်စားပြုခြင်းဖြစ်သည်။ အလံတော်ထဲတွင် ထိုကြယ်၏နောက်၌ အရိပ်မဲ ရေးရေးလေးပါရှိသည်။ ထိုအရိပ်မဲ လေးသည် တော်လှန်ရေး မပြီး သေးသလို အမျိုးသမီးအခွင့်အရေး အပြည့်အဝ မရသေးသည့် အနက်အဓိပ္ပါယ်ဖြစ်သည်။
စည်းရုံးလှုပ်ရှားမှုများ
KWO ဖွဲ့စည်းပုံအရ ကေအဲန်ယူ၏ နယ်နိမိတ်အတိုင်း ခရိုင် ၇ ခုနှင့် နယ်စပ် ဒုက္ခသည်စခန်းများတွင် လုပ်ငန်း စဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်နေသည်။ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအဆင့်၊ အထူးဒေသအဖြစ် ဒုက္ခသည်စခန်းနှစ်ခု၌ စည်းရုံးလှုပ်ရှားလျက်ရှိသည်။
ဌာနအားဖြင့် ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူမှုရေးဌာနနှင့် စည်းရုံးရေးဌာန ဟူ၍ ၄ ဌာနရှိသည်။ နှစ် ၄၀ အတွင်း KWO သည် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ်၊ မိသားစု၊ လူမှုအဖွဲ့အစည်းအတွင်းတွင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီစောင့်ရှောက်မှုလုပ်ငန်း၊ မူကြိုကလေးထိန်းကျောင်းလုပ်ငန်း၊ မီးဖွားပြီးစ မိခင်နှင့် ကလေးငယ်အတွက် ထောက်ပံ့မှု၊ ရပ်ရွာအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လူနေမှု သန့်ရှင်း ရေးကဏ္ဍ များကို လုပ်ဆောင်လျက်ရှိသည်။
ထို့အပြင် ဒုက္ခသည်စခန်းများတွင် SE-special education ဆွံ့အ နားမကြား ကလေးငယ်များ အတွက် သင်တန်းကျောင်းဖွင့်လှစ်ထားခြင်း၊ မျိုးဆက်သစ် အမျိုးသမီးလူငယ်ခေါင်းဆောင် သင်တန်းကျောင်းလုပ်ငန်း၊ တော်လှန်ရေးနှင့် နိုင်ငံရေးတွင် အမျိုးသမီးတွေ ပါဝင်မှု၊ ဦးဆောင်မှုကဏ္ဍများကို အားသွန်ခွန်စိုက် လုပ်ဆောင် လျက်ရှိသည်။ တစ်ဆက်တည်းတွင် ကရင်အမျိုးသမီးများနှင့် ပတ်သက်သည့် မှတ်တမ်းကောက်ယူ စုဆောင်းခြင်း နှင့် အစီရင်ခံစာ စာအုပ်များလည်း ထုတ်ဝေခဲ့သည်။
ထူးချွန်ထင်ရှား KWO ခေါင်းဆောင်များ
နှစ် ၄၀ အတွင်း ကရင်အမျိုးသမီးအစည်းအရုံးရဲ့ အဖွဲ့ဝင်စုစုပေါင်း ခုနှစ်သောင်းကျော် ၇၀,၀၀၀ ဦးကျော်ရှိပြီး ဖြစ်သည်ဟု စာရင်းမှတ်တမ်းများအရ သိရသည်။ ထိုထဲ၌ နယ်ပယ်စုံ ထင်ရှားသည့် အမျိုးသမီးခေါင်းဆောင် များလည်း ပေါ်ထွက်ခဲ့သည်။
KWO က ထင်ရှားသည့် တော်လှန်ရေး ခေါင်ဆောင်တစ်ဦးမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ဟောင်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန် ဖြစ်သည်။ ယခုလက်ရှိ ကေအဲန်ယူ၊ ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ ဗဟို တရားသူကြီး-၁ ပဒိုနော်မေရီဌေး၊ မကြာသေးမီက ကွယ်လွန်သွားသည့် ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန် သည် လည်း ဗဟိုတရားသူကြီး-၂ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် ကေအဲန်ယူ အလုပ်အမှုဆောင်ကော်မတီ ဝင် ပဒိုနော်ဒါးဒါးတို့သည် ထင်ရှားသည့် တော်လှန်ရေးခေါင်ဆောင်းများ ဖြစ်သည်။
ထို့အပြင် လက်ရှိ KWO ဗဟိုအမြဲတမ်းကော်မတီဝင် တစ်ဦးဖြစ်သူ နန်းဖော့ဂေသည်လည်း မီဒီယာအသိုင်းအဝိုင်း တွင် နိုင်ငံတကာထိထင်ရှားသူတစ်ဦးဖြစ်ပြီး လက်ရှိ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM၌ ဥက္ကဋ္ဌ တာဝန် ထမ်း ဆောင်နေသူ ဖြစ်သည်။
ဆုမှတ်တမ်းများ
KWO နှစ် ၄၀ တွင် ၂၀၁၈ ခုနှစ်တွင် အမေရိကန် သံရုံးက ချီးမြှင့်သည့် Women of Change Award နှင့် ၂၀၁၉ ခုနှစ်တွင် ကရင်အမျိုးသမီးအဖွဲ့ -KWO မှ အထွေထွေအတွင်းရေးမှူး နော်ကညောဖောကို အမေရိကန် နိုင်ငံမှ ချီးမြှင့်သည့် International Women of Courage ဆု ရရှိခဲ့သည်။ ဗဟိုအမြဲတမ်းကော်မတီ နန်းဖော့ဂေကိုလည်း ၂၀၂၄ ခုနှစ် နိုင်ငံတကာ စာနယ်ဇင်းခေါင်းဆောင်ဆုတစ်ခုဖြစ်သည့် WIN Editorial Leadership Award ဆုကို အရှေ့တောင်အာရှ ဒေသအတွက်ရွေးချယ်ချီးမြှင့်ခြင်းခံရသည်။
ထို့အပြင် အများအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်သည့် ကရင်လူငယ်များကို ရွေးချယ်ချီးမြှင့်သည့် ပဒိုမန်းရှာ လူငယ် ခေါင်းဆောင်ဆုကိုလည်း KWO အဖွဲ့ဝင်များဖြစ်သည့် နော်ကညောဖော၊ နော်ဆဲဆဲနှင့် ပဒိုနော်ရှီးဝါး တို့က အသီးသီးရရှိထားသည်။