မတ်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်နယ်မြေ၌ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများတွင် စေခိုင်းရန် လူကုန်ကူးခြင်းခံထားရသူ နိုင်ငံခြားသား ၄၁၄ ဦးအား ယနေ့ မတ်လ (၁၇)ရက်နေ့တွင် နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂)မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသား (၄၀၀)ဦး၊ သီရီလင်္ကာနိုင်ငံသား( ၁၄)ဦးအား မြဝတီ-မဲဆောက် အမှတ်(၂)တံတားမှ မော်တော်ယာဥ်များဖြင့် BGF ၏ ကျားဖြန့်/လူမှောင်ခို အထူးနှိမ်နင်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီးနိုင်မောင်ဇော် ဦးဆောင်ကာ မဲဆောက်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးနေခြင်းဖြစ်သည်။
ထိုလွှဲပြောင်းပေးလိုက်သော သီရိလင်္ကာနိုင်ငံသား ၁၄ ဦးအထဲမှ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA အဖွဲ့တို့ ထိန်းသိမ်းထားသူ ၁၃ ဦးပါဝင်သည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှစတင်၍ ဖွဲ့စည်းလိုက်သည့် BGF ၏ အထူးနှိမ်နင်းရေးအဖွဲ့သည် ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှစတင်၍ ရွှေကုက္ကိုလ်ဒေသအတွင်းရှိ ကျားဖြန့်လုပ်ကိုင်နေသည့် သံသယရှိနေရာများအား ဝင်ရောက်စစ်ဆေးမှုများပြုလုပ်၍ တိုက်ဖျက်ရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်။

ယင်းမှ ယနေ့ မတ်လ (၁၇)ရက်နေ့အထိ ကျားဖြန့်လုပ်ငန်းများ၌ လူကုန်ကူးခံထားရသည့်နိုင်ငံပေါင်း (၃၀) မှ နိုင်ငံသား ၇,၅၂၃ ဦးကို ဖော်ထုတ်ရမိခဲ့ပြီး ၎င်းတို့အနက် ၃၉၈၉ ဦးအား ထိုင်းအာဏာပိုင် များမှတဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟုလည်း BGF အဖွဲ့ ပြုစုထားသော စာရင်းအရ သိရသည်။
BGF ဖော်ထုတ်ထားသည့် နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသားဦးရေ ၅,၀၀၀ နီးပါးပါဝင်နေပြီး ကျားဖြန့်တွင် ပါဝင်ပတ်သက်နေသည့် အဓိကပုဂ္ဂိလ်(၆)ဦးအားလည်း ဖော်ထုတ်ထိန်း သိမ်းထား နိုင်သည်ဟု BGF က အထူးအဖွဲ့ဖွဲ့ပြီး တစ်လပြည့်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။
ကျားဖြန့်လုပ်ကိုင်ရန် လူကုန်ကူးခြင်းခံရသူများအား BGF အနေဖြင့် သမာရိုးကျနည်းလမ်းဖြင့် ထိုင်းအာဏာပိုင်များထံ အပ်နှံလွှဲပြောင်းပေးနေသော်လည်း အဓိကပုဂ္ဂိုလ်များကိုမူ တရားခံအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူနှင့်ချိတ်ဆက်ကာ စနစ်တကျလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းလည်း BGF က အတိအလင်း ပြောဆိုထားသည်။



















