Home သတင်း ကျွန်းစုမြို့နယ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ

ကျွန်းစုမြို့နယ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ

646
Photo: ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မတ် ၁၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ဝန်တောင်ကျေးရွာအနီးတဝိုက်တွင် ခြေကုပ်ယူ တပ်စွဲ ထားသည့် ရေတပ်စစ်သင်္ဘောများက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် ကျွန်းစုမြို့နယ် တော်လှန် ရေးတပ်ဖွဲ့ဝင် များအကြား တကျော့ပြန်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာတစ်ဝိုက်ရှိ ပင်လယ်ပြင်တွင် ပျူစောထီးဟုဆိုသည့် အင်အား ၆၀ ခန့် လိုက်ပါစီးနင်းလာသည့် စစ်သင်္ဘောနှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များ ပြီးခဲ့သည့် မတ် ၁၃ ရက်နေ့မှ စတင်၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ဟု ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ငမန်းက ယခုလို ပြောသည်။

“ဒီဘက်တွေမှာက ပင်လယ်ပြင်နဲ့နီးတော့ စစ်တပ်က ကုန်းကြောင်းထက် ရေကြောင်းကို အသုံးပြုတာများတယ်။ စစ်ကြောင်းထိုးတာတော့ မဟုတ်ဘူး။ အခုလက်ရှိမှာတော့ ပစ်ခတ်မှုတွေ မကြာခဏ ဆိုသလို ဖြစ်နေတုန်းပဲ။ ကျနော် တို့တပ်ဖွဲ့တွေတိုးလို့ မရအောင်လာပြီး စစ်တပ်ဘက်ကအခြေချတဲ့ သဘောမျိုးပါ” ဟု ၎င်းက ကေအိုင်စီ သို့ ပြောဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည့် ဝန်တောင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အင်အား ၈ ယောက်ခန့်ပါ ၁၁၄ စစ်သင်္ဘောငယ် ၁ စီး၊ ရှော်တောမော်ကျေးရွာဘက်မှာ အင်အား ၃၀ ဝန်းကျင်ပါသည့် ၅၆၆ စစ်သင်္ဘောကြီး တစ်စီး နှင့်ကင်းလှည့်လှုပ်ရှားသွားလာမှုများ ရှိနေသည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယခုလိုနှစ်ဖက်ပစ်ခတ်မှုများကြောင့် ကျွန်းစုအနီးတဝိုက်ရှိဒေသခံများအနေဖြင့် ငါးဖမ်းလုပ်ငန်း တချို့ကို ရပ်နား ထားရပြီး ဒေသခံတချို့မှာ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျွန်းစုမြို့နယ်၊ ဒေသခံ ရွာသား တစ်ဦးက ပြောဆိုသည်။

၎င်းက “တိုက်ပွဲမဖြစ်တဲ့ ရွာတွေကိုရှောင်ရတယ်။ အသိ အိမ်တွေမှာ နေရတယ်။ အခုဖြစ်နေတာက ပင်လယ်ပြင်မှာ ဆိုတော့ ငါးဖမ်းလုပ်ငန်းနဲ့ စက်လှေမောင်းတဲ့လုပ်ငန်းတွေကိုတော့ ခဏရပ်နား ထားကြတယ်။ တချို့ လုပ်တဲ့ သူတွေတော့ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွား လေ့ရှိပြီး စစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်းနှင့် စစ်ကြောင်းများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့်နှစ်အတွင်း အနည်းဆုံး ပြည်သူ ၃,၀၀၀ ဦး ကျော် နေ့ရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်သည့် FE-5 Tanintharyi ၏ လစဉ် အစီရင်ခံစာ၌ ဖော်ပြထားသည်။