Home သတင်း ထိုင်း-မြန်မာနယ်စပ်က Sunshine Orchard မြန်မာရွှေ့ပြောင်းကျောင်း၏ ၁၂ကြိမ်မြောက် ကျောင်းဆင်းပွဲ အခမ်းအနား

ထိုင်း-မြန်မာနယ်စပ်က Sunshine Orchard မြန်မာရွှေ့ပြောင်းကျောင်း၏ ၁၂ကြိမ်မြောက် ကျောင်းဆင်းပွဲ အခမ်းအနား

705

မတ် ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ်အတွင်းရှိ ကရင်ကလေးငယ် အများစုတက်ရောက် သည့် Sunshine Orchard Learning Center ရွှေ့ပြောင်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ၁၂ကြိမ်မြောက်ကျောင်းဆင်းပွဲကို ကျောင်းပရဝုဏ်အတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

ယမန်နှစ် ပညာသင်နှစ်အတွင်း ၁၀တန်း အောင်မြင်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသား ၅၇ ဦး နှင့် ၁၂တန်း အောင် မြင်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသား ၅၁ ဦး စုစုပေါင်း ၁၀၈ ဦးကို အောင်လက်မှတ် နှင့် ဂုဏ်ပြုဆုများ ပေးအပ် ခဲ့သည်။

အခမ်းအနားကို ကျောင်းသူ၊ကျောင်းသားများအပြင် ကျောင်းသားမိဘများပါ ပါဝင်တက်ရောက်ခဲ့ပြီး စုစုပေါင်း လူဦးရေ ၅၀၀ နီးပါး ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ ကျောင်းသည် ကရင်ပြည်နယ်အတွင်းရှိ နှစ်ပေါင်းများစွာ စစ်ပွဲဒဏ်ခံနေရသည့် ဒေသမှ ကလေးသူငယ်များ နှင့် နယ်စပ်ဒေသက ကလေးသူငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်သည်။

နိုင်ငံတကာ ခရစ်ယာန် ဘာသာရေး မစ်ရှင်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် လည်ပတ်နေသည့် ကျောင်းဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဒေသမှ ကလေးငယ်များအပြင် နယ်စပ်ဒေသမှ ဒုက္ခသည်စခန်း နှင့် ပြည်တွင်း စစ်ဘေးရှောင်ပြည်သူများ(IDPs) ကလေးငယ်များပါ တက်ရောက်နေသည့် ကျောင်းဖြစ်သည်။

နှစ်စဉ် ကျောင်းသူ/ကျောင်းသား ၃၀၀ ကျော်ကိုလက်ခံ သင်ကြားပေးပြီး အထူးသဖြင့် အတန်းပညာများအပြင် အခြားသော အသက်မွေးဝမ်းကျောင်းပညာရပ်များကိုပါ သင်ကြားပေးသည့် ကျောင်းဖြစ်သည်။

ကျောင်းကို Sunshine Health and Education Foundation အောက်တွင်ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းကျောင်းတစ်ကျောင်းလည်းဖြစ်သည်။

အဆိုပါ ကျောင်းကို တိုက်ပွဲကြောင့် တစ်ဖက် ထိုင်းနိုင်ငံသို့ ပြေးလွှားရောက်ရှိလာသည့် ကျောင်းသူ ကျောင်းသား ၁၂၀ ဖြင့် မူလတန်းအဆင့်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသက်တမ်းမှာလည်း ဆယ်စုနှစ် တစ်ခု ကျော်ကြာပြီး ဖြစ်ကြောင်း သိရသည်။