Home သတင်း ကျိုက်မရောထောင်တွင် ထောင်အာဏာပိုင်များ အကျင့်ပျက်ခြစားမှု ပိုမိုဆိုးရွားလာဟု WOPP ပြော

ကျိုက်မရောထောင်တွင် ထောင်အာဏာပိုင်များ အကျင့်ပျက်ခြစားမှု ပိုမိုဆိုးရွားလာဟု WOPP ပြော

744
Photo - AFP & PPN

မတ်လ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်ရှိ စစ်တပ်လက်အောက်ခံ အကျဥ်းထောင်အာဏာပိုင်နှင့် ဝန်ထမ်းများသည် အကျဥ်းချခံရသူများထံသို့ မိသားစုဝင်များ ပေးပို့သည့် ငွေကြေးများကို ကြားဖြတ်ရယူပြီး အကျင့်ပျက်ခြစားမှုများ ပိုမိုဆိုးရွားစွာ လုပ်ဆောင်လာသည်ဟု နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ( WOPP) က ယမန်နေ့ (မတ်လ ၁၈) ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေး ခက်ခဲချိန်တွင် အကျဉ်းထောင်အတွင်း ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဥ်းသူများက စားသောက်ရေးအတွက် မိသားစုဝင်များ ချွေးနည်းစာဖြင့် ပေးပို့သည့် အပ်ငွေကို လုံလောက်အောင် မသုံးစွဲနိုင်ခဲ့သည့်အပြင် ထောင်ဝန်ထမ်း၏ ယခုလို ခေါင်းပုံဖြတ် လာဘ်စားယူနေမှုကို ရှုတ်ချကြောင်း နိုင်ငံရေးအကျဥ်းသူဟောင်းများ ဖြင့်ဖွဲ့စည်းထားသည့် ( Women’s Organization Of Political Prisoners – WOPP) က ဆိုသည်။

အဖွဲ့တာဝန်ရှိသူ မဇူးဇူးမေယွန်းက “ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ ဒီလိုလုပ်ဆောင်လာပေမယ့် အခု ပိုဆိုးရွားလာတယ်။ နိုင်ငံတစ်ဝှမ်း အကျဥ်း‌ထောင် ၄၂ ခုဝန်းကျင်ရှိတဲ့ထဲ အခု ထောင်တိုင်းနီးပါးလို ဖြစ်နေတယ်။ အဓိကက သူတို့ရဲ့ ဝန်ထမ်းလစာရနည်းမှုကြောင့်လည်း ပါမယ်။ အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေ ပါဆယ် တစ်ခါခါပို့ရင် ခရီးစရိတ်နဲ့တင် ခက်ခက်ခဲခဲနေချိန်မှာ ထောင်ဝန်ထမ်းတွေက ဒီလို လုပ်ဆောင်နေတာကိုတော့ ကျမတို့အနေနဲ့ ရှုတ်ချတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုကဲ့သို့ ကာလအချိန်တန်ကြာ လုပ်ဆောင်လာသည့် အကျင့်ပျက်ခြစားမှုသည် ၎င်းတို့အတွက် လွယ်ကူနေသည့် အနေအထားတွင် ရှိနေကြောင်း၊ ပြည်သူထံမှ အခွန်ဖြင့် ရပ်တည်နေရသော ၎င်းတို့လို အစိုးရဝန်ထမ်းအနေဖြင့် ယခုလို မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသူ/သားများသည် ပြည်သူများထဲကသာ ဖြစ်သည့်အတွက် ခေါင်းပုံဖြတ်မှု မလုပ်ဆောင်သင့်ကြောင်းဟု မဇူးဇူးမေယွန်းက ဖြည့်စွက်ပြောသည်။

ကျိုက်မရောအကျဥ်းထောင်၌ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ထောင်ဝန်ထမ်းဖြစ်သူတို့ က အကျဉ်းသားမိသားစုများမှ ပေးပို့သော အကျဉ်းသူများ၏ အပ်ငွေများအပေါ် ကျပ်တစ်သိန်းကို နှစ်သောင်းကျပ်ဖြင့် ဖြတ်ယူနေပြီး ကျပ် ၃ သိန်းကို ကျပ် ခြောက်သောင်းအထိ ခေါင်းပုံဖြတ်ယူနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Photo – AFP & PPN

၎င်းအပြင် တပ်သားဖြစ်သူတစ်ဦးမှာ အကျဉ်းထောင်အတွင်း ငွေလွဲအကောင့်များမှတစ်ဆင့် ငွေထုတ်ပေးစဉ် အချိန်တွင်လည်း ကျပ်တစ်သိန်းကို ကျပ် သုံးသောင်းအထိ အကျဉ်းသူများ၏ ငွေကြေးများကို ခေါင်းပုံဖြတ်ယူဆောင်ခဲ့သေးသည်ဟု ( WOPP) ထုတ်ပြန်ဖော်ပြသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ အကျင့်ပျက် တာဝန်ထမ်းဆောင်နေသူများကို ထောင်အာဏာပိုင်များအနေဖြင့် အမြန်ဆုံး အရေးယူဆောင်ရွက်ရန်နှင့် ကျူးလွန်သူများကို အရေးယူဆော်ရွက်ခြင်းမရှိပါက နိုင်ငံရေးအကျဥ်းသူအဖွဲ့မှ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားပြောဆိုသည်။

လက်ရှိအချိန်တွင် WOPP အနေဖြင့် ငါးပိကြော်၊ ဘလချောင်ကြော် စသဖြင့် ရောင်းချပြီး ရရှိလာသည့် ရန်ပုံငွေဖြင့် ထောင်ဝင်စာခက်ခဲနေသော နိုင်ငံရေးအကျဥ်းသူများကို ချိတ်ဆက် ကူညီဆောင်ရွက်ပေးနေသည်ဟု အဖွဲ့တာဝန်ရှိသူများဆီထံမှ သိရသည်။

WPP အဖွဲ့ကို ယခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းမှုဖြစ်စဥ်နှင့်စပ်လျဥ်း၍ ထောင်ဒဏ်ကျခံနေရသူ အမျိုးသမီးများအား ဆေးဝါးနှင့် အစားအသောက်လိုအပ်ချက်အပြင် ၎င်းတို့မိသားစုဝင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ထောက်ပံ့ကူညီပေးနေသည့် လူမှုအဖွဲ့အစည်းများအနက် တစ်ဖွဲ့အပါအဝင်အဖြစ် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။