Home သတင်း ထားဝယ်အထူးစီးပွားရေးဇုန်အနီး နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေး တိမ်းရှောင်

ထားဝယ်အထူးစီးပွားရေးဇုန်အနီး နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေး တိမ်းရှောင်

556
Photo-IDPs from Ye Phyu Township (old photo)

မတ်၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် အနီးတွင် ဖြစ်ပွားလျက်ရှိနေသည့် နှစ်ဖက်တိုက်ပွဲများကြောင့် အနီးတဝိုက်ရှိဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ သည်ဟု ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက်နေ့မှစ၍ ထားဝယ်ရေနက်ဆိပ်ကမ်း အနီးတဝိုက်သို့ စစ်ကြောင်း ထိုး ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ် ဖွဲ့ဝင်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ဒေသခံများ အနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်ဟု ရေဖြူမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက ရက်ရှည်တိုက်ပွဲဖြစ်နေတာ။ အဲ့တာကြောင့် လက်နက်ကြီးတွေထိမှာစိုးရိမ်တဲ့ အတွက် ထောင်နဲ့ချီပြီးရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေနေမှာရှိတယ်။ ရွာ ၁၀ ရွာကျော်တယ်။ ပြီးခဲ့တဲ့ လကလည်း နဘုလယ်ဒေသကို စစ်ကြောင်းထိုးသေး တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်ခြင်းများကို အမြဲလုပ်ဆောင် လျက်ရှိနေ သည်ဟု ဒေသခံများက ပြောသည်။

ယခုလိုစစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် နှစ်ဖက်တိုက်ပွဲများအပြင် ထိခိုက် ကျဆုံးမှုများလည်းရှိနေပြီး အနီးရှိ လဲရှောင်ရွာ၊ ထိန်ကြီးရွာ၊ ပရဒပ်ရွာ၊ ခမောင်း ချောင်းရွာ၊ ဧကနိရွာ စသည့်ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်းသိရသည်။

“ပြီးခဲ့တဲ့တစ်ခေါက်ကလည်း အခုတိုက်ပွဲဖြစ်နေတဲ့စစ်ကြောင်းဘဲ။ အဲ့တုန်းကလည်း ဒေသခံ တော်တော်များများ ထွက်ပြေးလိုက်ရတယ်။ ရွာထဲကို စစ်ကြောင်းထိုးပြီးတော့ လက်နက်ကြီးတွေ ရမ်းပြီးပစ်တဲ့အတွက်ကြောင့် ။အခုလည်း နောက်တစ်ခေါက် စစ်ဘေး ရှောင်နေရတယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ယခု စစ်ကြောင်းသည် ယခင် ဇန်နဝါရီလအတွင်းက နဘုလယ်ဒေသသို့ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးဝင် ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး အဆိုပါစစ်ကြောင်း ကို ဗထူးတပ်မတော်-BHA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၁ ရက်၊ နေ့လည် တစ်နာရီ အချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များမှ ထိခိုက်ဒဏ်ရာ များရရှိခဲ့သေးသည်ဟု ဗထူးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ထက်မြတ်မှပြောဆိုသည်။

အဆိုပါထားဝယ်အထူးစီးပွားရေးဇုန် ရင်းနှီးမြှပ်နှံမှုစီမံကိန်းတွင် မြန်မာနိုင်ငံနှင့် ရရှား နိုင်ငံမှသဘောတူညီမှု လုပ်ဆောင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အဆိုပါအနီးတဝိုက်တွင် စစ်တပ်အင်အားဖြည့်တင်းမှုများနှင့် စစ်ကြောင်းထိုးခြင်းများကို ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရသည်။