Home သတင်း ငလျင်ကြောင့် တောင်ငူဝေဠုဝန်ကျောင်းတိုက်ပြိုကျမှု စစ်ရှောင်ကလေးငယ် ၅ ဦးနှင့် ကိုရင်တစ်ပါး သေဆုံး

ငလျင်ကြောင့် တောင်ငူဝေဠုဝန်ကျောင်းတိုက်ပြိုကျမှု စစ်ရှောင်ကလေးငယ် ၅ ဦးနှင့် ကိုရင်တစ်ပါး သေဆုံး

969
Photo credit: TERT

မတ် ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်၌ ယနေ့မွန်းလွဲပိုင်းက အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် ကျောင်းတိုက်ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ရာ သေဆုံးနေသည့် စစ်ရှောင်ကလေးငယ် ၅ ဦးနှင့် ကိုရင်လေးတစ်ပါး ၏ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသည်ဟု ကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်သည့် ပရဟိတအဖွဲ့များထံမှ သိရသည်။

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မြန်မာနိုင်ငံမြို့ကြီးအများစု၌ လှုပ်ခတ်ခဲသည့်မြေငလျင်ကြောင့် တောင်ငူမြို့ရှိ ဝေဠုဝန်ကျောင်းတိုက် ပြိုကျသွားခဲ့ရာ တောင်ငူအခြေစိုက် ပရဟိတအဖွဲ့များနှင့် မီးသတ်ဝန်ထမ်းများ စုပေါင်း၍ ကယ်ဆယ်ရေးလုပ်ဆောင်နေသည်ဟု သိရသည်။

ကယ်ဆယ်ရေးစတင်ချိန်တွင် ကလေးငယ်စုစု‌ပေါင်း ၂၀ ကျော်ပိတ်မိနေသည်ဟု သိရှိရပြီး အုတ်ကျိုးများ ပိမိသဖြင့် သေဆုံးသူ ကိုရင်းလေးတစ်ပါးအပါ ကလေးငယ် ၆ ဦး၏အလောင်းများကို လက်ရှိ တွေ့ရှိထားရကြောင်း ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ဆိုသည်။

Photo credit: TERT

ထို့အပြင် တောင်ငူမြို့နယ်အတွင်းတွင်လည်း နေအိမ်၊ ဆိုင်ခန်းများ ပြိုကျပျက်စီးခဲ့သဖြင့် ထိခိုက် ဒဏ်ရာ ရရှိထားသူများ ရှိသော‌ကြောင့် ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပြောင်းရွှေ့ပေးနေပြီး တောင်ငူမြို့ရှိ နဂါးရုံဘုရားဝန်းအတွင်း ဖွင့်လှစ်ထားသော ဆေးခန်းအတွင်း၌ပါ ကုသမှုပေး‌လျက် ရှိသည်ဟု ပရဟိတအဖွဲ့များက ပြောသည်။

မြန်မာနိုင်ငံ မြို့ကြီးအများစုတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ဒီထက်ပို၍များပြားနိုင်ပြီး ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အလားတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်လည်း ငလျှင်ကြောင့်အဆောက်အဦးပြိုကျရာမှ မြန်မာ ရွှေပြောင်းလုပ်သား အများအပြားပါဝင်သော အလုပ်သမား ၅၀ ကျော် ပိတ်မိနေပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေသည်ဟု ထိုင်းမီဒီယာများတွင် သတင်းဖော်ပြထားသည်။