Home သတင်း ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာသူများ ကူညီပံ့ပိုးမှုရရှိရေး ပြည်တွင်းအင်အားစုများနှင့်ပူးပေါင်းလုပ်ဆောင်မည်ဟု IEC ပြော

ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာသူများ ကူညီပံ့ပိုးမှုရရှိရေး ပြည်တွင်းအင်အားစုများနှင့်ပူးပေါင်းလုပ်ဆောင်မည်ဟု IEC ပြော

885
Photo: Social Media

မတ်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ကေအိုင်စီ

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲအချိန်တွင် ဖြစ်ပွားခဲ့သည့် ပြင်းအား(၇.၇)ရစ်ချ်တာ စကေးရှိသော အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သည့်ပြည်သူများ ကူညီပံ့ပိုးမှုရရှိရေးအတွက် ပြည်တွင်းအင်အားစုများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ယမန်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ဘာသာရေးအဆောက် အအုံများအပါအဝင် လမ်းတံတားများ၊ ဆည်မြောင်းတာတမံများနှင့်ပြည်သူများလည်းသေဆုံးခဲ့ရသည်။ အဆိုပါ ငလျင်ဒဏ်ကြောင့် ပြည်သူများ၏အိုးအိမ်များ ထိခိုက်နစ်နာဆုံးရှုံးမှုများအပြင် နောက်ဆက်တွဲအနေဖြင့် မြန်မာပြည်တွင်းရှိ ပြည်သူများအငတ်ဘေးအပြင် ငလျင်ဒဏ်၏ဘေး ထွက်ဆိုးကျိုးများကိုခံစားနေကြရ သောကြောင့် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)အနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောဆိုထားသည်။

လက်ရှိတွင်လည်း အာဏာသိမ်းစစ်ကောင်စီမှ မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ငလျင်ဒဏ်ကိုအကြောင်းပြု၍ ပိုမိုဆိုးရွားသောဖိနှိပ်မှုများ လုပ်ဆောင်လာနိုင် သောကြောင့် သတိကြီးစွာတုံ့ပြန်ရန်လိုကြောင်းလည်း IECက ပြောဆိုသည်။

ထို့ကြောင့် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)အနေဖြင့် ငလျင်ဒဏ်ကိုအများဆုံးခံစားခဲ့ကြရသည့် မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းအပြင် နိုင်ငံတဝန်းရှိဒေသများအား လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးစေလိုကြောင်း နိုင်ငံတကာအကူအညီများပေးစေလိုကြောင်း တောင်းဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းငလျင်ဒဏ်ကို ခံစားနေရသည့် ဒေသခံပြည်သူများအနေဖြင့်လည်း ကရင်နီပြည် အတွင်းသို့လာရောက်ခိုလှုံနိုင်ပြီး အကူအညီများနှင့်ထောက်ပံ့ပေးမှုများလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် နိုင်ငံကာအကူအညီများ စတင်ရောက်ရှိလာပြီး အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စင်္ကာပူ နိုင်ငံတို့ကလည်း အကူအညီများပေးမည်ဟု သက်ဆိုင်ရာ နိုင်ငံအသီးသီးက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကယ်ဆယ်ရေးနှင့် ဆေးကုရေးအဖွဲ့ဝင်များသည် အသက်ကယ်ကိရိယာ၊ ငလျင်ကြိုတင်သတိပေးစနစ်၊ ခရီးဆောင်ဂြိုလ်တုနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေများ သယ်ဆောင် လာပြီဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။ ၎င်းအပြင် အခြား ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၇ ဦးလည်း ထပ်မံစေလွှတ်ထားသည်ဟု ဆိုသည်။