Home သတင်း ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရယ် ငလျင်ဒဏ်ကိုသတိပြုရန်လိုကြောင်း TNLA အသိပေး

ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရယ် ငလျင်ဒဏ်ကိုသတိပြုရန်လိုကြောင်း TNLA အသိပေး

710
Photo: TNLA

မတ်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် ယမန်နေ့ မတ်လ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် စေတီပုထိုးများနှင့်နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့်အတွက် တအာင်း ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ငလျင်ဒဏ်ကို သတိပြုရန်လိုကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။

တအာင်းပြည်နယ်အတွင်းရှိ နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့တွင် ယမန်နေ့ မွန်းလွဲပိုင်း အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်ကြောင့် စေတီပုထိုးများနှင့် နေအိမ်များ၊ ဆေးရုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ပြောသည်။

အဆိုပါ အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် မန်တုံမြို့နယ် ဟင်ဟောင်းကျေးရွာရှိ စေတီပြိုကျ ပျက်စီးခြင်း၊ ဆိုင်းလိန်ကျေးရွာနှင့် ထက်ကျက်ရွာရှိ ရှေ့ဟောင်း စေတီနှစ်ဆူလည်း ယိုင်လှဲခြင်း၊ တာပုံ ကျေးရွာရှိ စေတီတစ်ဆူလည်း ထီးတော်မြေခခြင်း နမ့်ဆန်မြို့နယ် အနောက် ကင်းကျေးရွာရှိ ရှေ့ဟောင်းစေတီပုထိုးများလည်း ကျိုးကျပျက်စီးခြင်းနှင့် အာရမ်းကျေးရွာရှိ စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

Photo: TNLA

ထို့အပြင် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနေရာအချို့ ပြိုကျပျက်စီးခဲ့သောကြောင့် အနီးတဝိုက်ရှိ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလားတူ မိုးမိတ်မြို့ရှိ မိုးမိတ်ရွှေဂူစေတီလည်း ယိုင်လှဲသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အလွန်အားပြင်းသည့် ငလျင်၏နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နိုင်သောကြောင့် အန္တရာယ်ရှိသည့် လုပ်ငန်းနေရာများတွင် ခေတ္တရပ်နားထားရန်၊ ယိုင်နဲ့သွားသည့်အဆောက်အအုံများ၊ အထပ်မြင့်များတွင် ဆက်မနေကြရန်၊ မိမိနေထိုင်သည့် အဆောက်အအုံ၊ နေအိမ်များအက်ကွဲမှုရှိ မရှိ စစ်ဆေးပြီးလိုအပ်လျှင် ကြိုတင်ရွှေ့ပြောင်းကြရန်လည်း TNLA က တိုက်တွန်း ပြောဆိုထားသည်။

ယမန်နေ့ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင် မြန်မာနိုင်ငံတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်းသော ငလျင် (ငလျင် အတန်းအစားအရ – ငလျင်ကြီး Major Earthquake) လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်သည် မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများရှိခဲ့သည်။ ပထမအကြိမ် ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့် အကြာ အင်အား ၆.၄ ဖြင့် အတော်အသင့်အင်အားပြင်းသည့်ငလျင် နောက်ထပ်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့သေးသည်။