Home သတင်း ငလျင်ကြောင့် မြန်မာတွင် ကလေးသန်းချီ အန္တရာယ်ကြုံတွေ့နေ

ငလျင်ကြောင့် မြန်မာတွင် ကလေးသန်းချီ အန္တရာယ်ကြုံတွေ့နေ

745
Photo: UNICEF

မတ် ၃၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံတွင် ကလေးငယ် သန်းနှင့်ချီ အန္တရာယ် ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ ကလေးငယ်များရံပုံငွေ အဖွဲ့ (UNICEF) က ပြောသည်။

အဆိုပါ အင်အားပြင်းငလျင်ကြောင့် မြန်မာတွင် လက်ရှိ အချိန်ထိ ကနဦး ၁,၆၀၀ ကျော်သေဆုံးခဲ့ပြီး ပျောက်ဆုံး နေသူများလည်းရှိကာ ဒဏ်ရာရရှိခဲ့သူ ၃,၄၀၀ ဦးကျော်ကာ ထိုထဲ၌ ကလေးငယ်များ အများစု ဖြစ်သည်ဟု ယူနီဆက် (UNICEF) က ပြောသည်။

“မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် အကျပ်အတည်းတစ်ခု၏ ထိပ်တွင် အကျပ်အတည်းကို ကြံ့ကြံ့ခံ ရင်ဆိုင် နေကြရပါတယ်။ UNICEF အနေနဲ့ အသက်ကယ်လုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေပြီး နိုင်ငံတကာ အသိုင်း အဝိုင်းက တုံ့ပြန်ဆောင်ရွက်နေပေမဲ့ ကလေးများနဲ့ သူတို့ရဲ့ မိသားစုအသက်ကို ကယ်တင်ရန်နဲ့ ကာကွယ်ရန် အတွက် အရင်းအမြစ်များ ပိုမိုလိုအပ်နေပါသည်” ဟု UNICEF အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကက်သရင်း ရပ်ဆဲလ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်း ငလျင်ဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ငလျင်များ လည်း ဆက်တိုက်လှုပ်ခတ်နေသည်။ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် သဘာရေး အဆောက်အအုံ များလည်း ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရပြီး မြေပြိုမှုများနှင့် လမ်းများပြိုကျခြင်းများကြောင့် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုများ ဖြစ်ပွားနေသည်။

ထို့အပြင် ငလျင်ဒဏ်ကြောင့် ‌နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်း များတွင် သေဆုံးသူအများအပြားရှိခဲ့ပြီး လူနေအိမ်များ၊ လမ်းတံတား အဆောက်အအုံများ၊ စေတီပုထိုးများနှင့် ဘာသာရေးအဆောက်အုံအများအပြား ထိခိုက်ပျက်စီးသွားခဲ့ရသည်။

ပြီးခဲ့သည့် နှစ်ကလည်း မြန်မာနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံ များသို့ ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ကလေး ၆ သန်းနီးပါးသည် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု စသည်တို့ ထိခိုက်နစ်နာမှုများရှိခဲ့သည်ဟု ယူနီဆက်က ပြောဆိုထားသည်။