Home သတင်း ကျောက်ကြီးမြို့နယ်ရှိ စစ်တပ်စခန်း တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော် သေဆုံး၊ ပြည်သူ(၄)ဦး ဒဏ်ရာရ

ကျောက်ကြီးမြို့နယ်ရှိ စစ်တပ်စခန်း တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော် သေဆုံး၊ ပြည်သူ(၄)ဦး ဒဏ်ရာရ

733
Photo: KNU

မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ စဥ့်အိုးလှကျေးရွာရှိစစ်ကောင်စီတပ်ကို မတ်လ(၂၅)ရက်နေ့၌ တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးပြီး စစ်တပ်က လေကြောင်းဖြင့် တုန့်ပြန်တိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးအပါအဝင် ဒေသခံ(၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

မတ်လ (၂၅)ရက်နေ့ နံနက် ၂ နာရီဝန်းကျင်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃) တပ်ရင်း(၉)ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ စဥ့်အိုးလှရွာအခြေစိုက် စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက် ခဲ့ရာတွင် တပ်ဖွဲ့ဝင် (၁၂)ဦးသေဆုံးပြီး (၁၅)ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ရိုးမ(၂)စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ယမန်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်(၁)ဦးလည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု ထိုတပ်ရင်း၏ထုတ်ပြန်ချက်က ဖော်ပြသည်။ ထို့အပြင် သေဆုံးသူများ၌ ထုတ်ပြန်ချက်တွင် ဖော်ပြထား ခြင်းမရှိသည့် စစ်ကောင်စီအရာရှိတစ်ဦး၏အမျိုးသမီးလည်း တိုက်ပွဲအတွင်း ပါဝင်ခဲ့သည်ဟု သိရသည်။

တော်လှန်ရေးတပ်များနှင့် နီးစပ်သူ ဒေသခံတစ်ဦးက “သေတဲ့အထဲမှာ အဲဒီစခန်းက အရာရှိတစ်ယောက်ရဲ့ မိန်းမပါတယ်။ သူ့မိန်းမ Body ကို ဘေးနားကရွာသားတွေကို သွားသယ်ခိုင်းလို့သိတာ။ သူ့မိန်းမကလည်း အလည်လာတာနဲ့တူပါတယ်။ တိုက်ပွဲနယ်မြေဖြစ်နေတာကို။ တိုက်တဲ့သူတွေကတော့ မိုးလင်း တာနဲ့ပြန်ဆုတ်တာပဲ။ လောလောဆယ် ကျန်တဲ့စစ်သားတွေကတော့ လောလောလတ် လတ်တိုက်ပွဲဖြစ်ထားတော့ အဲဒီရွာထဲပြန်ဝင်နေရဲမှာမဟုတ်လောက်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

စဥ့််အိုးလှရွာသည် ပဋိပက္ခကာလအတွင်း စစ်တပ်က အတင်းအဓမ္မဝင်ရောက်တပ်စွဲနေသဖြင့် ရွာခံများ အိုးအိမ် ပစ်ပြေးရပြီး လက်ရှိအထိ နေရပ်မပြန်နေနိုင်သေးသော ကျေးရွာဖြစ်၍ ကြားကာလ၌လည်း မကြာခဏ တော်လှန်ရေးတပ်များက ရွာအတွင်းရှိစစ်ကောင်စီတပ်ကို ပစ်ခတ်မှုလုပ်လေ့ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

Photo: KNU

မတ်လ(၂၅)ရက်နေ့က တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲပစ်ခတ်ခဲ့သဖြင့် တလှိုင်းခင်ကျေးရွာမှ စစ်ရှောင် ကလေးငယ် (၂)ဦးအပါအဝင် အမျိုးသမီး(၁)ဦး ဒဏ်ရာများရရှိခဲ့သည် ။ ၎င်းအပြင် အင်တိုင်း ကုန်းရွာမှ သံဃာတော်တစ်ပါး ညာဘက်လက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ-ဗဟိုက ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်အရ ဒေသခံပိုင်နေအိမ်(၂)လုံးနှင့် အိမ်မွေးတိရစ္ဆာန်အချို့မှာလည်း လေကြောင်းအပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရပြီး ပစ်ခတ်မှုဖြစ်သည့်ကျေးရွာများ နေရပ်ရှောင်တိမ်းခဲ့ကြရကြောင်း ဒေသခံများကပြောသည်။

ကျောက်ကြီးဒေသခံတစ်ဦးက “အခုကတော့ ပြန်တဲ့သူကပြန် နေတဲ့သူကနေပါပြီ။ လောလောဆယ် ဒီဒေသရဲ့အခြေအနေအရဆို ကြောက်ပြီးတော့သာမပြန်နေရင်လည်း ဘယ်မှသွားစရာမရှိဘဲ။ ပစ်တာခတ် တာတော့ တနေ့ လေယာဥ်လာပြီးကတည်းကငြိမ်သွားပြီ။” ဟု ပြောသည်။

(၄)နာရီကျော် ကြာမြင့်ခဲ့သည့် စစ်တပ်စခန်းနေရာတိုက်ပွဲတွင် KNLA အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်ခဲ့ပြီး စစ်ကောင်စီထံမှ G-3 တစ်လက်နှင့်လက်နက်ခဲယမ်းများ ကိုသိမ်းဆည်းရမိခဲ့ကြောင်း ရိုးမစစ်ကြောင်း(၂)က ဖော်ပြသည်။