Home သတင်း အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ လိုင်းခန်းတစ်ခုတွင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ

အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ လိုင်းခန်းတစ်ခုတွင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ

571
Photo: Social Media-ပုံဟောင်း

မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အနီးရှိ လိုင်းခန်းတစ်ခုကို ယမန်နေ့၊ နေ့လည်(၁)နာရီအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ဒေသခံ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း အိမ်ရှေ့ပြင်ရပ်ကွက်၌ ငှားရမ်းနေထိုင်နေသည့် ဒေသခံများက ပြောသည်။

အဆိုပါ လိုင်းခန်းအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ဧည့်စာရင်းမတိုင်သည့် အကြောင်းပြချက်များဖြင့် ဒေသခံ(၂၀)ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“ပြီးခဲ့တဲ့ရက်က ဝင်ဖမ်းသွားတယ်။ အသက်(၅၀)ကျော်အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ဖမ်းခံ ထိသွားတယ်။ အိမ်ရှေ့ပြင်ရပ်ကွက်အနီးတဝိုက်မှာက တခြားဒေသတွေ ရွာတွေက နေပြီးတော့ စစ်ဘေးလာရှောင်တဲ့သူတွေများတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်အလားတူ ယခုမတ်လနောက်ဆုံးအပတ်အတွင်း ဧည့်စာရင်းအပါအဝင် စစ်မှုထမ်း အကြောင်းပြချက်ဖြင့် စစ်ကောင်စီမှအကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခံရသူ ၄၀ ဝန်းကျင်အထိရှိလာကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရသိရသည်။

ယခုလို စစ်ကောင်စီတပ်မှဝင်ရောက်ဖမ်းဆီးလိုက်သည့် သူများထဲတွင် အခြားသောဒေသမှ စစ်ဘေးလာ ရောက်တိမ်းရှောင်သူများ နှင့် နေ့စားအလုပ်သမားများလည်းပါဝင်နေပြီး ယနေ့အချိန်ထိ ပြန်လည်လွတ် မြောက်လာခြင်း မရှိသေးကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဒီဘက်ရပ်ကွက်အများစုက လိုင်းခန်းတွေမှာ နေ့စားပုတ်ပြတ်အလုပ်သမားတွေ ငှားပြီးနေတယ်။ လိုင်းခန်းတွေကလည်း တခြားနေရာထက်စာရင် ဈေးတော်တယ်။ ပြီးတော့ဖမ်းခံထိတဲ့သူတွေကတော့ ရဲစခန်းမှာ အခုထိလွတ်လာတာမတွေ့ရသေးဘူး။”ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြောင်းအမျိုးမျိုးပြကာ အရပ်သားပြည်သူများအား အဓိကအပစ်မှတ်ထား၍ဖမ်းဆီးမှုများကြောင့် ဒေသခံပြည်သူ(၃၂၆)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာပေးပို့ချက်များအရ သိရသည်။