Home သတင်း ခွဲကဘောင်ကျောင်းဆောင်သစ်အတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောက်လုပ်ပေးမည်

ခွဲကဘောင်ကျောင်းဆောင်သစ်အတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောက်လုပ်ပေးမည်

814

မတ်၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် ခွဲကဘောင် ကရင် အမျိုးသားအထက်တန်းကျောင်းအတွက် ကျောင်းဆောင်အသစ် အဆောက်အအုံများကို ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဆောက်လုပ်လှူဒါန်းပေးသွားမည်ဟု ကျောင်းအုပ် စောကျော်ယှူးခလိန်းက ပြောသည်။

ခွဲကဘောင်ကျောင်းအတွက် နှစ်ထပ် ကျောင်းဆောင် ၁ လုံး၊ အမျိုးသား ဘော်ဒါဆောင် ၁ လုံးနှင့် အိမ်သာ (၆) လုံးတို့ကို ဆောက်လုပ်ပေးရန် SVA (SHAN VOLUNTEER ASSOCIATION) ဖောင်ဒေးရှင်း နှင့် ဆာသူးလေ‌‌ဖောင်ဒေးရှင်းတို့မှ တဆင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လာရောက် လှူဒါန်းပေးခြင်း ဖြစ်သည်ဟု ခွဲကဘောင်ကျောင်းအုပ် စောကျော်ယှူးခလိန်း က ယခုလို ပြောသည်။

“အခုလို ကူညီခွင့်တွေ ရရှိသွားတဲ့အတွက် အရမ်းဝမ်းသာ ပီတိဖြစ်တယ်။ အဲဒါကို မြန်မာရွှေ့ပြောင်း လုပ်သားပညာရေး ကော်မတီ – BMWEC ချိတ်ဆက်မှုနဲ့ SVA ဆီ တင်ပြဖြစ်တယ်။ ပြီးတော့ ဘတ်ဂျက်တွေ ပြန်ချပေးတယ်။ ကျ‌နော်တို့မှာ ကလေးတွေ များ‌လာတော့ အခန်းတွေ မလောက်တော့ဘူး။ စာသင်တဲ့ အခန်းရော စာကြည့်တိုက်ခန်းနေရာရော လိုအပ်နေတဲ့အတွက်ကြောင့် တောင်းဆိုဖြစ်သွားတာပါ ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင်လည်း သင်ထောက်ကူ ပစ္စည်းများဖြစ်သော စာရေးကိရိယာများ နှင့် ကျောင်းဆရာ/ ဆရာမများ အတွက် ထောက်ပံ့ကြေးငွေများ ၎င်းတို့အတွက် လိုအပ်ချက်ရှိနေသေးသည်ဟု အဆိုပါ ကျောင်းအုပ်က ဖြည့်ဆွက် ပြောသည်။

လာမည့် နှစ်အတွက် ကျောင်းသူ/သူ ဦးရေ ထပ်တိုးလာနိုင်သောကြောင့် ယခုလို အဆောက်အအုံများ ရရှိရန် အဖွဲ့အစည်းထံသို့ ယခင်နှစ်ကတည်းက တောင်းဆိုထားခြင်းဖြစ်ပြီး အဆိုပါ ထိုင်းဘတ်ငွေ သိန်း (၉၀) ကုန်ကျမည့် အဆောက်အအုံများကို (၈) လအတွင်း အပြီးဆောက်လုပ်ပေးသွားရန် စီစဥ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၃) ရက်နေ့၌ ခွဲကဘောင် ကျောင်းနေရာအတွက်ကျောင်းဆောင်သစ်တစ်ခုကို ထိုင်းဆရာတော် Luang Por Prida Phabhatharo ၏ ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်ခဲ့သေးသည်။

ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းတွင် အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ၊ သိပ္ပံ ဘာသာရပ်များအပြင် ထိုင်း၊ ကရင် (ပိုး၊ စကော) စသည့် ဘာသာရပ်များကိုလည်း နေ့ရက်အလိုက် သင်ကြားပေးနေသည်ဟု သိရသည်။

ခွဲကဘောင်ကရင်အမျိုးသားစာသင်ကျောင်းကို ယခုနှစ် ဧပြီလ ၂၁ရက်နေ့တွင် ကွယ်လွန်သွားသည့် မန်းဗလစိန်(ခ) ဖူ့ခွဲကဘောင် ဦးဆောင်၍ ၁၉၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၇ နှစ် သက်တမ်းရှိပြီး ဖြစ်သည်။