မတ် ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲရွာ၊ ဘုန်းကြီးကျောင်းပေါ်သို့ ယမန်နေ့ မတ် ၂၁ ရက်နေ့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ကျောင်းပေါ်သီတင်းသုံးနေသည့် သံယာတော် တစ်ပါး ပျံလွန်တော်မူသွားပြီး ၂ ပါးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါကျောင်း၌ သံဃာတော်များ ဆွမ်းဘုန်းပေးရန် ပြင်ဆင်နေချိန်၊ ဝေါ မြို့နယ်၊ လက်ပံရွာအခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် ၈၁ မမ လက်နက်ကြီးမှာ မတ် ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းပေါ်တည့်တည့် ကျရောက်ပေါက်ကွဲပြီး ယခုလို သံဃာတော်များ ပျံလွန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်က ယခုလို ပြောသည်။
“စကစ ဘက်က ပစ်တာ စစ်တောင်းမြစ်တစ်ဖက်ခြမ်းက၊ ခရွဲရွာဘုန်းကြီးကျောင်းက သံယာတော် တွေ ဆွမ်းစားဖို့ ပြင်နေတဲ့အချိန်ဖြစ်တော့ လက်နက်ကြီးကျတဲ့အချိန် သံယာတော်တစ်ပါး ပျံလွန်သွားတယ်။ ၂ ပါးက ဒဏ်ရာရတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းအဆောက် အမိုး ထိခိုက် ပျက်စီး မှုရှိခဲ့သည်ဟု သိရသည်။
ယခုရက်ပိုင်း စစ်ကောင်စီ ဒရုန်းများ ကျိုက်ထိုမြို့နယ်အတွင်း ဝဲပျံမှုများလာပြီး လုံခြုံရေး ခြိမ်းခြောက် ခံနေရသလို စိုးရိမ်ထိတ်လန့်မှုဖြင့် သတိထားနေထိုင်ရသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိ မွန်ပြည်နယ် ကေအဲန်ယူ၊ သထုံခရိုင်အတွင်း စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အများ ပြည်သူ နေထိုင်ရာ ရပ်ရွာများသို့ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင် နေသည်ဟု ဒေသခံများနှင့် ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။



















