Home သတင်း နှစ်ပေါင်း ၃၀ ကျော်ကြာ တပ်စွဲလာသည့် ခလယ်ဒေး စစ်ကောင်စီစခန်းကို အပြီးသတ်သိမ်းပိုက်ကြောင်း KNU ထုတ်ပြန်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

နှစ်ပေါင်း ၃၀ ကျော်ကြာ တပ်စွဲလာသည့် ခလယ်ဒေး စစ်ကောင်စီစခန်းကို အပြီးသတ်သိမ်းပိုက်ကြောင်း KNU ထုတ်ပြန်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

254
Photo: KNU

မတ်လ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် နှစ်ပေါင်း ၃၆ နှစ်ကြာ ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ယမန်နေ့ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကေအဲန်ယူက အတည်ပြုထုတ်ပြန်သည်။

မတ်လ (၂၂)ရက်မှ မတ်လ (၂၅)ရက်နေ့အထိ လေးရက်ကြာပြီးနောက်တွင် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ခလယ်ဒေးစစ်ကောင်စီတပ်စခန်းအား KNLA ပူးပေါင်းတပ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး အား သေဆုံးလျက်တွေ့ရှိခဲ့ရ၍ နယ်မြေရှင်းလင်းရေး လိုက်လံလုပ်ဆောင်လျက်ရှိကြောင်းလည်း ကေအဲန်ယူက ဖော်ပြသည်။

တပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်ရှိသည့် အဆိုပါ ခြေမြန်တပ်ရင်း (ခမရ-၁၀၈) တပ်ရင်းစခန်းအား KNLA ပူးပေါင်း တပ်က တက်သိမ်းစဥ် စခန်းမှတပ်ရင်းမှူး(၂)ဦးနှင့် တပ်ခွဲမှူး(၁)ဦးအပါအဝင် ထွက်ပြေးလွတ် မြောက်သွားသူများရှိသည်ဟု KNLA တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒီကွယ်ထူးက ကေအိုင်စီသို့ ပြောသည်။

“သေတာ ၂ ယောက် ထိတာ ၂ ယောက် ရိုးရိုးတပ်သားတွေပဲ။ စခန်းမှာကစုစုပေါင်း ၂၀ကျော်ရှိတာ။ သူများတက်သိမ်းတော့ ထွက်ပြေးသွားတာရှိသေးတယ်။ အဲဒီထဲမှာ တပ်ရင်းမှူး ၂ ယောက်နဲ့ တပ်ခွဲမှူး ၁ ယောက်ပါတယ်။ ဘယ်ပြေးသွားလဲတော့မသိဘူး။ လိုက်ရှာနေတုန်းပဲ။” ဟု တပ်မဟာမှူးက ပြောသည်။

KNLA တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်း(၁၉)၊ တပ်ရင်း(၂၁)၊ တပ်ရင်း(၂၂)၊ တပ်ရင်း (၂၄)နှင့် တပ်မဟာစစ် ကြောင်းတို့မှ ပူးပေါင်း၍ ခလယ်ဒေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး RPG-7, MA-2, Jammer နှင့် ၆၀ မမအရှည်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟုလည်း ကေအဲန်ယူ ထုတ်ပြန်ချက်က ဆိုသည်။

Photo: KNU

KNLA နှင့်နီးစပ်သူတစ်ဦးကလည်း “မနေ့က ညနေပိုင်းမှာ စခန်းကိုရလိုက်တယ်။ KNU အလံ ထောင်ပြီး တော့ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးပြီ။ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေလည်း ရလိုက် တယ်။ ဒါပေမဲ့ စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေရှိလို့ ညက တစ်ညလုံး နယ်မြေရှင်းလင်းရေးလိုက်လုပ်နေကြတယ်။” ဟု ၎င်းက ပြောသည်။

စခန်းသိမ်းတိုက်ပွဲပြုလုပ်နေစဥ် မတ်လ ၂၄ ရက်နေ့က နံနက်ပိုင်းနှင့်နေ့လည်ပိုင်း တစ်လျှောက် စစ်ကောင်စီ ဘက်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ထို့နောက် ယမန်နေ့တွင် KNLA ဘက်က စခန်းတက် သိမ်းသည့်အချိန် လေကြောင်းပစ်ကူမရှိတော့ဘဲ လက်နက်ကြီး၊ငယ်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်ဟုလည်း မြေပြင်တွင်ရှိနေသည့် ကေအိုင်စီ သတင်းအရင်းအမြစ်က ပြောသည်။

၁၉၈၉ ခုနှစ်မှစ၍ နှစ်ပေါင်း ၃၀ ကျော်ကြာ ထိုင်း-မြန်မာနယ်စပ် ကေအဲန်ယူနယ်မြေတွင် နယ်စပ်ဒေ သထိန်းချုပ်ရေးရည်ရွယ်၍ လာရောက်အခြေချနေသော ခလယ်ဒေး စစ်ကောင်စီ တပ်စခန်းကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံများ လှုပ်ရှားသွားလာနေထိုင်ရေး အကန့်အသတ်ရှိခဲ့ သည်ဟုလည်း ကေအဲန်ယူ၏ထုတ်ပြန်ချက်က ဖော်ပြသည်။

ထို့အပြင် စခန်းရှိရာတဝိုက်သို့ စစ်ကောင်စီဘက်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးအများအပြား ကြဲချပစ်ကူပေးခဲ့ခြင်းနှင့် စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံများမှာ ထိုင်းနိုင်ငံ ဘက်ကမ်းသို့ ထွက်ပြေးကြရပြီး ယနေ့အထိ နေရပ်မပြန်နိုင်သေးပေ။