စစ်ကောင်စီကြောင့် ကဗျာဆရာ ၈၀ ဦး ကျဆုံး ကွယ်လွန်ခဲ့
မတ် ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကဗျာဆရာ ၈၀ ဦးခန့် ကျဆုံး၊ ကွယ်လွန်ခဲ့သည်ဟု ယနေ့ မတ် ၂၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ကဗျာနေ့တွင် ကဗျာဆရာ တစ်ဦးဖြစ်သူ အေမွန်က ပြောသည်။
ယနေ့ ကျရောက်သည့် ကမ္ဘာ့ကဗျာ ဆရာများနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မြန်မာကဗျာ ဆရာ များက စုပေါင်းကျင်းပခဲ့ပြီး လက်ရှိ မြန်မာကဗျာ ဆရာများ အခြေအနေနှင့် ပတ်သက်၍ ကဗျာဆရာ အေမွန်က ယခုလို ပြောသည်။
“မဆုံးရှုံးသင့်တဲ့ အရာတွေ ဆုံးရှုံးရတယ်၊ ပြုန်းတီးနေတယ်လို့ ကျနော်ထင်တယ်။ တချို့ကဗျာ ဆရာတွေက ကျမ်းမာရေးကြောင့် အသက်ဆုံးရှုံးတယ်။ တချို့ကြတော့ ဖိအားအမျိုးမျိုးကြောင့် သေဆုံးရတယ်။ တချို့က အသက်အရွယ်ကြောင့် သေဆုံးသွားသလို တချို့ကြတော့ စစ်ကြောရေးမှာ ကျဆုံးသွားတာရှိတယ်။ တချို့ ကျတော့ တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တယ်၊ နည်းအမျိုးမျိုးနဲ့ ကျဆုံးသွားတဲ့ ကဗျာဆရာတွေကို ဂုဏ် ပြုဖို့ အတွက် ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယခုလို ကဗျာ ဆရာများ ကွယ်လွန်၊ ကျဆုံးနေသော်လည်း စစ်အာဏာရှင်ကို ပြည်သူများနှင့် အတူ ကဗျာ ဆရာ များက တော်လှန်လျက်ရှိသည်ဟု ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် အခမ်းအနား၌ ကဗျာဆရာတစ်ဦးက ယခု လိုပြောသည်။
“ကျနော်တို့ မဲဆောက်မှာ ရှိတဲ့ ကဗျာ ဆရာတွေပဲ ဖြစ်ဖြစ်၊ တော်လှန်ရေးထဲရောက်နေတဲ့ ကဗျာ ဆရာတွေပဲ ဖြစ်ဖြစ် အကုန်လုံး တစ်သားထဲပါပဲ။ ဒီကဗျာ ဆရာများနေ့မှာ ပိုက်ဆံတွေ အများကြီးရပြီးတော့ လှူနိုင်မယ်၊ ကူ နိုင်မယ် အဲလိုမျိုးတော့ မဟုတ်ဘူး။ အဓိက ကတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အနုပညာရှင်တွေ၊ ကဗျာ ဆရာတွေ လည်းတော်လှန်ရေးမှာ ပြည်သူနဲ့ တသားတည်း ရပ်တည်နေတယ်ဆိုတာမျိုးပါ” ဟု ကဗျာဆရာ တစ်ဦးက ပြောသည်။
ယနေ့ ကျရောက်သည့် ကဗျာဆရာများနေ့ အခမ်းအနားသို့ မဲဆောက်မြို့ရောက် မြန်မာကဗျာဆရာများနှင့် စာပေ ဝါသနာ ရှင် စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ကဗျာ ရွတ်ဖတ်ခြင်း၊ စာတမ်းဖတ်ကြား ခြင်းနှင့် ကဗျာစာအုပ်များ၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်းတို့ ပြုလုပ်ခဲ့ကြသည်။