Home သတင်း USAID က ရံပုံငွေဖြတ်တောက်လိုက်၍ စစ်ရှောင်များကို အရေးပေါ်ကူညီပေးရန် ခက်ခဲလာ

USAID က ရံပုံငွေဖြတ်တောက်လိုက်၍ စစ်ရှောင်များကို အရေးပေါ်ကူညီပေးရန် ခက်ခဲလာ

342
Photo: CJ

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ-USAIDက လူသားစာနာမှု ရန်ပုံငွေ ဖြတ်တောက်လိုက် သည့်အတွက် ပြည်တွင်းစစ်ရှောင်များကို အရေးပေါ်အကူအညီများ ပေးရန် ခက်ခဲလာသည်ဟု ပြည်တွင်း ဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ-CIDKP ဒုတာဝန်ခံ စောခဲလေက ပြောသည်။

ယခုလို ရံပုံငွေရပ်တန့်လိုက်သည့်အတွက် ပြည်တွင်းစစ်ရှောင်အရေးပေါ် လိုအပ်ချက်အကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့်ကျန်းမာရေးကိစ္စရပ်များ ထိခိုက်မှုရှိသလို ဆက်လက်ထောက်ပံ့နိုင်ခြင်းမရှိပါက စစ်ရှောင်အတွက်စိုးရိမ်နေရသည့်အခြေအနေတွင်ရှိကြောင်း CIDKP ဒုတာဝန်ခံက ယခုလို ပြောသည်။

“ US က ထောက်ပံ့ငွေ ရပ်လိုက်တဲ့အပေါ်ြပည်တွင်းစစ်ရှောင်အတွက် ထိခိုက်မှုတော်တော် ထိတယ်။ CIDKPက အကူအညီရရှိတဲ့အထဲမှာ ၂၀ ရာခိုင်နှုန်းထိခိုက်သွားတယ်။ တစ်နှစ်အတွင်းမှာလူဦးရေ ၃သိန်းကျော် ကျနော်တို့ ထောက်ပံ့တယ်။ အဲဒီ၂၀ ရာခိုင်နှုန်းက ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ဒေါ်လာနဲ့တွက်လိုက်ရင် တစ်မီလီယံ ကျော်တယ်။ အခု ပူပူနွေးနွေးစစ်ရှောင်နေရတဲ့ ကမမောင်းတို့ ပြီးတော့ တပ်မဟာ(၁)ဘက်ခြမ်းတို့က ပြေးနေရတဲ့ စစ်ရှောင်တွေအတွက် အရေးပေါ်လိုအပ်ချက် ရရှိတဲ့နေရာမှာ ထိခိုက်သွားတာဖြစ်တယ်” ဟု စောခဲလေက ကေအိုင်စီသို့ ပြောသည်။

စစ်ရှောင်အရေးပေါ်ကူညီရရှိရေး အများစုသည် ပြင်ပအဖွဲ့အစည်းပေးသည့် အလှူငွေများဖြင့် ရပ်တည်နေကာ စစ်ရှောင် များ အကူအညီ ဆက်လက်ရရှိရေးအတွက်အခြားနိုင်ငံကြီးများနှင့် ချိတ်ဆက်ကာ နည်းလမ်းရှာပြီး လုပ်ဆောင် ရမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ပြည်ပရောက်ကရင်လူထုနှင့် ကရင်အဖွဲ့အစည်းအနေဖြင့်လည်း ပြည်တွင်းစစ်ရှောင် အရေးပေါ် အကူအညီ ရရှိဖို့ရန်အတွက် ပူးပေါင်းပါဝင်ပေးကြရန် CIDKP က တိုက်တွန်းပြောဆိုသည်။

ကော်သူးလေနယ်မြေထဲတွင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အရေအတွက် နေ့စဉ်တိုးလာသလို အရေးပေါ်အကူအညီမရရှိသည့်အတွက် အခက်အခဲကြုံတွေ့နေမှုများ ဖြစ်ပေါ်နေသည်ဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။

အာဏာသိမ်းပြီး စစ်ရေးပဋိပက္ခများကြောင့် ကော်သူးလေ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နှစ်လည်ပိုင်းထိ စုစုပေါင်း စစ်ရှောင်ဦးရေ ၁,၂၄၄,၄၁၅ ဦး ထိရှိပြီး ဖြစ်သည်ဟု ကေအဲန်ယူ-ဗဟိုက ပြုစုထုတ်ပြန် ထားသည့် မှတ်တမ်းများအရ သိရသည်။

CIDKP သည် ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ကာ ပြည်တွင်းစစ်ကြောင့် အခက်အခဲကြုံနေရသည့် ဒေသခံပြည်သူများကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးခြင်း၊ လူမှုအခြေခံ အကာအကွယ် ပေးခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း စသည်တို့ကို ကေအဲန်ယူ စီမံအုပ်ချုပ် နေသည့် ဒေသများ၌ လုပ်ငန်းလုပ်ဆောင်နေသလို ယခုလို ရန်ပုံငွေ ရပ်ဆိုင်းလိုက်သည့် အတွက် လုပ်ငန်းစဉ် ၆ ခု ထိခိုက်သွားသည်ဟု သိရသည်။