Home သတင်း KNU ဗဟိုတရားသူကြီး -၂ ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန် ကွယ်လွန်

KNU ဗဟိုတရားသူကြီး -၂ ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန် ကွယ်လွန်

581

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုတရားသူကြီး-၂ ဖြစ်သူ ပဒိုဒေါက်တာနော်ဘလူးမင်းနိုက်ဇန်သည် ဖေဖော်ဝါရီလ ၂၈ရက် ယနေ့ည ၆း၄၁ မိနစ်အချိန်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

အသက် (၇၀)နှစ်ရှိသူ ပဒိုဒေါက်တာနော်ဘလူးမင်းနိုက်ဇန်သည် မယ်တော်ဆေးခန်းတွင် ကုသမှုခံယူရင်း ယနေ့ ညနေတွင် အောက်ဆီဂျင် ကျဆင်း၍ မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ကုသရာမှ ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု သူမ၏ မိတ်ဆွေ ဆရာဝန်တစ်ဦးက ယခုလို ပြောသည်။

“ဆေးဆရာတစ်ဦးအနေနဲ့ ပြောရရင်တော့ အောက်ဆီဂျင် ကျတယ်ပေါ့လေ။ နောက် အဆုတ်က ရေဝင်တယ်။ သူ့သွေးအားက 7 Percent ပဲရှိတယ်။ အဲဒါနဲ့ဆက်စပ်ပြီးတော့ ဖြစ်တယ်လို့ပဲ ယူဆတယ်ပေါ့နော်။ သူ့အသက်အရွယ်အရ ဖြစ်တဲ့ လူကြီးရောဂါလို့ပဲ ပြောရမှာပေါ့။ “ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာနော်ဘလူးမင်းနိုက်ဇန်သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်အရေးကို ဆယ်စုနှစ် ၃ ခုကျော်ကြာ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သလို လက်ရှိတွင် ကေအဲန်ယူ ဗဟိုတရားသူကြီး -၂ တာဝန်နှင့် ကေအဲန်ယူ-လူ့အခွင့်အရေးကော်မတီ ဥက္ကဌ တာဝန်ယူထားရသူတစ်ဦးလည်းဖြစ်သည်။

ပဒိုဒေါက်တာနော်ဘလူးမင်းနိုက်ဇန်၏ မိတ်ဆွေရင်းဖြစ်သူ ကေအိုင်စီ သတင်းဌာန ဒါရိုက်တာ နန်းဖော့ဂေက “သူက အရည်အချင်းရှိတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တယ်။ နိုင်ငံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်။ နောက်ပြီးတော့ ဒုက္ခသည်တွေ အရေးအရာကိုလည်း စွမ်းစွမ်းတမံ သူနိုင်သလောက် အကောင်းဆုံးကို ရပ်တည်ပြီးတော့ လုပ်ဆောင်ပေးခဲ့တဲ့ ကွန်မြူနတီ အမျိုးသမီးခေါင်းဆောင်တစ်ဦးလို့တော့ ပြောလို့ရတယ်။ တော်တော်လေးလည်း နှမြောမိတယ်ပေါ့နော်။ ဒီလို ရုတ်တရက် ဖြစ်သွားတော့ အားလုံးက စိတ်ထိခိုက်ရတယ်လေ”ဟု ပြောသည်။

အိမ်ထောင်မရှိဘဲ လူလွတ်တစ်ဦးဖြစ်သည့် ဒေါက်တာနော်ဘလူးမင်းနိုက်ဇန်သည် ၁၉၇၄ ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ် ပထမနှစ် တက်ရောက်စဉ် ဦးသန့်အရေးအခင်းတွင် ပါဝင်ခဲ့၍ ကျောင်းထွက်ခဲ့ရသည်။ သူမသည် ၁၉၈၈ ခုနှစ် ကျောင်းသားအရေးအခင်းစတင်ချိန်တွင် တော်လှန်ရေးနယ်မြေသို့ အပြီးပိုင် အခြေချခဲ့သည်ဟု သိရသည်။

ထို့နောက် ၂၀၀၀ ခုနှစ်တွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO ဗဟိုအမြဲတမ်းကော်မတီဝင်အဖြစ် ဝင်ရောက် အရွေးခံခဲ့ပြီးတွဲဖက် အတွင်းရေးမှူး(၂)တာဝန်ကို နှစ်ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သူဖြစ်သည်။