ဖေဖော်ဝါရီ ၂၁ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လူသုံးများသည့် FaceBook နှင့် TikTok အင်တာနက် လူမှုကွန်ရက်များကို ကျားဖြန့် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ဆွေးနွေး ကူညီပေးရန် ထိုင်းအာဏာပိုင်များက ပြောဆိုသည်ဟု ဘန်ကောက်ပိုစ့် (BangKoK Post) သတင်း၌ ဖော်ပြထား သည်။
အဆိုပါ FB နှင့် TikTok တို့၌ ကျားဖြန့် အွန်လိုင်းငွေလိမ်ညာမှုများ မြင့်တက်လာသည့် အပေါ် ထိုင်အာဏာပိုင်များက ဖေဖော် ဝါရီ ၂၀ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့သည်ဟု ထိုင်းအမျိုုးသား လွှတ်တော် ဆက်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆိုင်ရမ် ဟားတဆောင်ခို့ (Siam Hathasongkorh)က ပြောသည်။
အဆိုပါ အစည်းအဝေးတွင် ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) နှင့် အွန်လိုင်းမှုခင်းနှိမ်နင်းရေးဗဟိုဌာန (AOC) တို့မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ပြီး ကျားဖြန့် လုပ်ငန်းအများအပြားလည်ပတ်နေသည်ဟု လူသိများသည့် ထိုင်း-မြန်မာ နယ်စပ် တလျှောက် ဒေသများသို့ အင်တာနက်အသုံးပြုမှုအတွက် နောက်ထပ် ကန့်သတ်ချက်များ ထုတ်ပေးနိုင်ခြေကို ထိထိရောက်ရောက် ဆွေးနွေးခဲ့သည်ဟု သတင်း၌ ဖော်ပြထားသည်။
ထို့အပြင် ငွေလိမ်လည်ခံရသူများ ငွေပြန်လည် ရရှိနိုင်ရေး နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့သည်ဟု မစ္စတာ ဆိုင်ရမ်က ပြောသည်။
ထိုသို့ အလိမ်ခံရသည့် ငွေများပြန်ရရေးအတွက် ထိုင်း၌ သက်ဆိုင်ရာ ဥပဒေများ ပြင်ဆင်ထားခြင်းမရှိသေးသလို ဆိုက်ဘာ လုံခြုံရေး ဥပဒေသစ် ဒုတိယမူကြမ်းကို ကပ်ဘိနပ် အစိုးရအဖွဲ့က မကြာခင်က အတည်ပြုခဲ့သော်လည်း လွှတ်တော်က အတည်ပြုခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။
ကျားဖြန့်ဂိုဏ်းများသည် ၎င်းတို့ လိမ်လည်ရယူထားသည့် ငွေများကို ခရစ်ပ်တိုငွေကြေး (Crypto Currency) အဖြစ်သို့ ပြောင်းလဲလိုက်လေ့ရှိသောကြောင့် အလိမ်ခံရသူများ ငွေပြန်ရရန် လုပ်ဆောင်မှုများမှာ ရှုပ်ထွေးပြီး အလွယ်တကူ လုပ်ဆောင်၍ မရသည့် အခြေအနေဖြစ်နေသည်။
နယ်စပ်၌ အင်တာနက်ဖြတ်တောက်ထားသည့်အခြေအနေအပေါ် ကော်မတီသည် လာမည့်သီတင်းပတ်တွင် မဲဆောက်မြို့သို့ သွားရောက်ပြီး နယ်စပ်တစ်လျှောက် နေထိုင်နေသည့် ထိုင်းလူမျိုး များအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိမရှိ အကဲဖြတ်ရန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ကော်မတီသည် အမျိုးသားတယ်လီကွန် ( National Telecom ) ၊ ကွန်ရက်အော်ပရေတာများနှင့် အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) တို့မှ ကိုယ်စားလှယ်များကို ခရီးစဉ်အတွင်း စစ်ဆေးရန် ခေါ်ဆောင်သွားမည်ဟု မစ္စတာ ဆိုင်ရမ်က ပြောကြားခဲ့သည်။
Source: Bangkok Post



















