Home သတင်း Facebook ပေါ်၌ ကရင်ယူနီကုဒ် အမှန်ရေးသားနိုင်ရေး တစ်လကြာကမ်ပိန်း စတင်

Facebook ပေါ်၌ ကရင်ယူနီကုဒ် အမှန်ရေးသားနိုင်ရေး တစ်လကြာကမ်ပိန်း စတင်

786

ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အင်တာနက် လူမှုကွန်ရက် Facebook ပေါ်၌ ကရင်ယူနီကုဒ် စကားလုံးဖောင့် အမှန်ရေးသားဖတ်ရှုနိုင်ရေး တစ်လ ကြာ ကမ်ပိန်း (Karen Unicode Campaign) ကို ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမိခင် ဘာသာ စကားနေ့တွင် ကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က စတင်ပြုလုပ်နေပြီး ဖြစ်သည်။

ယခုလို Facebook ပေါ်၌ ကရင်ယူနီကုဒ် စကားလုံးဖောင့် အမှန်ရေးသား ဖတ်ရှုနိုင်ရေးအတွက် Facebook အနေ ဖြင့် ဗမာစာဇော်ဂျီဖောင့်မှ ယူနီကုဒ်သို့ အလိုအလျာက် ပြောင်းပေးသည့် စနစ်ကို ပိတ်ပေးရန် လိုအပ်နေသည့် အတွက် အဆိုပါကမ်ပိန်းကို “ကရင်စာ ဖြစ်ဖို့ ယူနီကုဒ်ကို သုံးစွဲစို့” ဟု ခေါင်းစဉ်ပေးထားသည်ဟု ကမ်ပိန်း ဦးဆောင်ပြုလုပ်ခဲ့သူတို့က ပြောသည်။

“ဒီဂျစ်တယ်ခေတ်မှာ ခေတ်နဲ့ လျော်ညီစွာ အသုံးပြုနိုင်ဖို့ နည်းပညာရှင်တွေ အထူးသဖြင့် ကျနော်တို့ ကရင်နည်း ပညာရှင်လေးတွေက ကြိုးစားပြီးလုပ်ဆောင်ကြပါတယ်။ လုပ်ဆောင်တဲ့အခါမှာ ကရင်ယူနီကုဒ်ကိုလည်း ကျနော်တို့ ထွင်ပြီလုပ်နိုင်ခဲ့ပါတယ်။ သို့သော် အခက်အခဲရှိတာက Facebook ပေါ်မှာ စာတွေရေးတင်တဲ့အခါ ကရင်ဖောင့် တွေက အခက်အခဲဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်စာပို့တာလဲ Facebook ကို အသုံးပြုရတော့ ကရင်စာအမှန်ပေါ်အောင် ကမ်ပိန်းပြုလုပ်တာ ဖြစ်ပါတယ်” ဟု ကမ်ပိန်း မိတ်ဆက်ပွဲ၌ ဦးဆောင်သူတစ်ဦးဖြစ်သူ မန်းဒေါက်ကလန်က ပြောသည်။

အဆိုပါ ကမ်ပိန်းကို ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ မတ်လ ၂၁ရက်နေ့အထိ တစ်လကြာပြုလုပ် သွားမည်ဖြစ်ပြီး ကရင်စာယူနီကုဒ်ရေးသားဖတ်ရှုနိုင်ရန် လူ တစ်သိန်း ပါဝင်လက်မှတ်ထိုးရန် လိုအပ်သည်ဟု ကမ်ပိန်းမိတ်ဆက် ပွဲတွင် ဦးဆောင်သူများက ပြောသည်။

ထို့ကမ်ပိန်းပြုလုပ်ရခြင်းသည် Facebook ပေါ်၌ ကရင်စာအမှန် ရေးသားဖတ်ရှုနိုင်ရန်၊ ကရင်ဘာသာ စကား အသုံးပြုမှု မြှင့်တင်နိုင်ရန်နှင့် ကရင်စာပေပြုစုပျိုးထောင်နိုင်ရေး စသည့်ရည်ရွယ်ချက်များ လည်းပါဝင်သည်ဟု ဦးဆောင်သူများက ပြောဆိုထားသည်။

ကရင်စာပေနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စောက ပေါ်ထူးက “ဇော်ဂျီ Auto Convert အခက်အခဲရှိတဲ့ အတွက်ကြောင့် ဒါတွေကို ရပ်ပေးဖို့အတွက် သုံးစွဲသူတွေကိုလည်း အသိပေးမယ်။ ထိုနည်းလည်းကောင်းဘဲ Facebook အဖွဲ့ကိုလည်း ကျနော်တို့ အသိပေးဖို့လိုတယ်ပေါ့။ ပေးသိမယ်ဆိုရင် လူတစ်ယောက်နှစ်ယောက်နဲ့ မရဘူး။ အတိုင်းအတာတစ်ခုအထိပေါ့ ကျနော်တို့ဒီကနေပြီး သုံးသပ်ထားတဲ့အချက်ကတော့ လူဦးရေ တစ်သိန်း ကျော် အထိဖော်ပြတယ်၊ ဇော်ဂျီကိုရပ်ပေးပါ။ ယူနီကုဒ်ကိုသုံးကြမယ်ဆိုရင်တော့ ဒီပြဿနာအခက်အခဲကို ကျော်လွှားမှာ ဖြစ်တယ်ဆိုတဲ့ဖြေရှင်းချက် ရရှိတာဖြစ်တယ်” ဟုပြောသည်။

ထိုကမ်ပိန်းတွင် စကောကရင်စာ၊ အရှေ့ပိုး (ပိုးဖလုံ)နှင့် ပိုးဖလုံး (အနောက်ပိုး) ကရင်စာများကို အွန်လိုင်းပေါ်၌ အမှန်ရေးသား ဖတ်ရှုနိုင်ရန်အတွက်လည်း ရည်ရွယ်ထားသည်ဟု ကရင်စာပေနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ပြောသည်။

ထိုကမ်ပိန်းတွင် ပါဝင်လက်မှတ်ထိုးလိုသူများအနေဖြင့် change.org link (https://chng.it/LkRjFH8R4D) ၌ ဝင်ရောက်လက်မှတ်ထိုးနိုင်မည်ဖြစ်သည်။ ထို့အပြင် Facebook Posts တင်ချိန်တွင်လည်း အောက်ပါအတိုင်း တွဲတင်ရန် နိုးဆော်ထားသည်။

#supportkarenunicode #stopautoconvert #stopzawgyi #supportunicode #supportkarenlanguages #karen #sgawkaren #karenpeople #westpwokaren #eastpwokaren change.org https://chng.it/LkRjFH8R4D