ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေနဲ့ ဆက်စပ်တွေးမိသမျှ
မောင်ကျော်စွာ
(၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၄ ရက်)
(စကစ)စစ်အုပ်စုထိပ်သီး မင်းအောင်လှိုင်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ” ဆိုပြီး စိတ်ကြိုက် “ဥပဒေ” ဆိုတာတွေကို ပြဋ္ဌာန်းနေပါတယ်။ အဲဒီထဲကတစ်ခုကတော့ (၁၈-၂-၂၀၂၅)မှာ ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိက လုံခြုံ ရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ ဆိုတာပါပဲ။ ဒီဥပဒေက အခန်းပေါင်း ၁၃ ခန်းနဲ့ ပုဒ်မ စုစုပေါင်း ၅၅ ခု ပါရှိတာ တွေ့ရပါ တယ်။
ဒီဥပဒေရဲ့အထက်/အောက်ကြီးကြပ်ပုံအဆင့်ဆင့်ကတော့
– အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ
– ပြည်ထဲရေးဝန်ကြီးဌာန
– ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကွဲရေး ဗဟိုကော်မတီ
– တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးကော်မတီ ဆိုပြီးဖြစ်ပါတယ်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကွဲရေး ဗဟိုကော်မတီကို ကော်မတီဝင် စုစုပေါင်း (၁၆)ဦးနဲ့ ဖွဲ့စည်းထားပြီး ဒီဗဟိုကော်မတီမှာ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌက ရဲချုပ်ဖြစ်ပြီး ဒုတိယရဲချုပ်က အတွင်းရေးမှူး ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၁ဦး ထည့်သွင်းထားတာတွေ့ရပါ တယ်။
ဒီ “ဥပဒေ”ထဲမှာ သတိပြုမိတဲ့ အချက်တစ်ခုကတော့ “ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင် ခြင်းမရှိသော ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲအတွက် ၁၀ဦးထက်ပိုသော ပုဂ္ဂလိကလုံခြုံရေး ဝန်ထမ်းခန့်အပ် နိုင်ရန် ဤဥပဒေအရ ထုတ်ပေးသောခွင့်ပြုမိန့်” ဆိုတာပါပဲ။
၁၀ဦးထက် ဘယ်လောက်များသလဲဆိုတဲ့ အရေအတွက် အတိုင်းအတာကို ဒီဥပဒေထဲမှာ ဖော်ပြမထားပါဘူး။ နောက်ထပ်ဆက်ထွက်လာမယ့် နည်းဥပဒေဆိုတာတွေမှာ ပါလာလိမ့်မယ်လို့ထင်ပါတယ်။
ပြီးတော့ ဒီအချက်က “တရုတ်ပြည်က လာရောက်ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေ၊လုပ်ငန်းလုပ်ကွက်တွေကို ထိန်း သိမ်းကာကွယ်စောင့်ရှောက်ဖို့ တရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေ ခေါ်သွင်းလာတယ်” ဆိုတဲ့ အခြေအမြစ်မရှိ ပေါ်ထွက် ခဲ့ဖူးတဲ့ “ကောလဟလ” နဲ့ ချိန်ထိုးစဉ်းစားစရာအချက်အလက် ဖြစ်လာစေပါတယ်။
ဒီနေရာမှာ လက်တွေ့ပြဿနာတစ်ခုကို ခိုင်မာတဲ့ အချက်အလက် အခြေခံတွေပေါ်ကနေ လေ့လာစဉ်းစား သုံးသပ်ကြတဲ့အခါ မလွဲမသွေ ထည့်သွင်းကြည့်ရှုရမယ့်အချက် ၃ချက်ကို တင်ပြပါရစေ။
ပထမဆုံးအချက်က ဘယ်ခေတ်ဘယ်ကာလနဲ့မှ မတူအောင် အုပ်စိုးသူ (စကစ)စစ်အုပ်စုဟာ ပြည်တွင်း ပြည်ပ ကြီးမား ပြင်းထန်တဲ့အကြပ်အတည်းတွေ ရင်ဆိုင်တိုးနေရတယ်ဆိုတဲ့အချက်။
ဒုတိယအချက်က “၂၀၀၈ အခြေခံဥပဒေ” ကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘဲ အသေဆုပ်ကိုင်ထားတဲ့ အချက်။
တတိယအချက်က အရှေ့/အနောက်နိုင်ငံကြီးတွေ၊ လက်ဝဲ/လက်ယာနိုင်ငံကြီးတွေကို ဘယ်လိုမျက်နှာချိုသွေးရသွေးရ၊ ဘယ်လိုအောက်ကျို့ရကျို့ရ သူတို့လက်ထဲမှ အာဏာလက်မလွတ်ရေးကလွဲပြီး ဘာဆိုဘာကိုမှ အမှုမထားတဲ့အချက်။
ဒါ့အပြင် တစ်ပြိုင်နက်ထဲမှာ ဒေသတွင်းနှင့် နိုင်ငံတကာပတ်ဝန်းကျင်အနေအထားကြောင့် အာဏာသိမ်း (စကစ)စစ်အုပ်စုအတွက် အခွင့်သာချက်တချို့၊ အသက်ရှုပေါက်တချို့ရှိနေတာကိုလည်း လျစ်လျူမရှုဘဲ သတိထား ကြည့်မြင်ကြဖို့ လိုအပ်ပါသေးတယ်။ အဲဒီအချက်တွေကတော့
– အမေရိကန်ပြည်ထောင်စုမှာ သမ္မတဒေါ်နယ်ထရန့် အုပ်ချုပ်ရေး စတင် အသက်ဝင်တဲ့နေ့ကစပြီး ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးနဲ့ ကုန်သွယ်ရေးမှာ တချက်လွှတ် တဇောက်ကန်း ပြုမူလုပ်ဆောင်ချက်တွေကို တရစပ် လုပ်ဆောင်နေတဲ့အ ချက်။
– ဒီလိုလုပ်ဆောင်နေတာကို တရုတ်ပြည် အပါအဝင် ကျန်တဲ့နိုင်ငံတွေက တည်ဆဲကမ္ဘာ့စနစ်ဘောင်၊ တည်ဆဲ ကမ္ဘာ့ကုန် သွယ်ရေး စည်းမျဉ်းဥပဒေဘောင်ထဲကနေ ပြဿနာတစ်ခုချင်းကို သတိထားပြီး တုန့်ပြန်နေကြတဲ့အချက်။
သမ္မတဒေါ်နယ်ထရန့်အုပ်ချုပ်ရေးရဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန်အကျိုးစီးပွားကို ကြမ်းကြမ်းရမ်း ရမ်းနည်းတွေနဲ့ ဆေးခါးကြီးတိုက်သလို ထိန်းချုပ်ကန့်သတ်လုပ်ဆောင်နေတာပါ။
ဒီဟာတွေရဲ့လက်တွေ့သာဓကတွေကို “ပဲရစ်သဘောတူညီချက်ကနေထွက်တာ၊ WHO ကနေထွက်တာ၊ ဂရင်း လန်းကျွန်း၊ ပနားမားတူးမြောင်းနှင့် ကနေဒါကို အတင်းအဓမ္မ သိမ်းပိုက်မယ်ဆိုတဲ့ကိစ္စတွေ၊ ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်က ထိန်းချုပ်မယ်ဆိုတဲ့ကိစ္စ၊ ရုရှ – ယူကရိန်းပဋိပက္ခမှာ အမေရိကန်ရဲ့ တဇွတ်ထိုးဆောင်ရွက်မှုတွေနဲ့ ကုန်သွယ်ရေးအခွန်တွေ ထင်သလို တစ်ဖက်သတ် စည်းကြပ်နေတဲ့ကိစ္စတွေ၊ ကမ္ဘာနဲ့အဝန်း အမေရိကန်က ကူညီကယ် ဆယ်ထောက်ပံ့နေတဲ့ကိစ္စတွေကို ဆိုင်းငံ့၊ ဖြတ်တောက်၊ ရပ်ဆိုင်းပစ်လိုက်တဲ့ ကိစ္စတွေ”မှာ အထင်အရှား တွေ့မြင်နိုင် ပါတယ်။
သမ္မတထရန့်ရဲ့ အဲဒီလို အကြမ်းပတမ်းလုပ်ဆောင်မှုတွေဟာ အများက အားထားမျှော်လင့်ကြည့်ရှုခဲ့ကြတဲ့ အမေရိကန်ရဲ့ လူ့ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီအပေါ်ထားရှိခဲ့တဲ့ ဟိုးတစ်ချိန်က စံတန်ဖိုးတွေဟာ ကျွမ်းထိုးမှောက်ခုံ ဖြစ် ကုန်ပြီဆိုပြီး စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ကြေကွဲမှုတွေ တသီတတန်းကြီး ဖြစ်ပေါ်နေကြပါတယ်။
ဒါ့အပြင် သမ္မတဒေါ်နယ်ထရန့်အုပ်ချုပ်ရေးရဲ့ အခုလို လုပ်ဆောင်နေမှုတွေကို အမေရိကန်ပြည်တွင်း/ပြည်ပ မှာ ဝေဖန်ဆန့်ကျင်မှုတွေဟာ မတူတဲ့အတိုင်းအတာနဲ့ မြင့်တက်လာနေပါတယ်။
ကျနော်တို့ရဲ့ အိမ်နီးချင်းတိုင်းပြည်ကြီး ၂ခုဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယဟာ သူတို့တိုင်းပြည်နဲ့ ပြည်သူ့အကျိုးစီးပွား အပေါ်ကနေ အမေရိကန် သမ္မတဒေါ်နယ်ထရန့်ရဲ့ လုပ်ဆောင်မှုတွေကို အကြောင်းရာတစ်ခုချင်း၊ ပြဿနာတစ်ရပ်ချင်း ရဲ့ ထူးခြားချက်ကိုလိုက်ပြီး ထိန်းထိန်းသိမ်းသိမ်း တုန့်ပြန်နေကြတာကို တွေ့ရပါတယ်။ ဒီတိုင်းပြည်တွေကသာ ဟော ဟောဒိုင်းဒိုင်း စိတ်လိုက်မာန်ပါ စည်းလွတ်ဝါးလွတ် တုန့်ပြန်ကြမယ်ဆိုရင် ကမ္ဘာကြီးအရေးဟာ မတွေးဝံ့စရာပါ။ ပြီးတော့ အမေရိကန်ဟာ တရုတ်ပြည်ကို အဓိကဦးတည်ထားပြီး လုပ်ဆောင်နေတာပါ။
တရုတ်ပြည်ရဲ့ တုန့်ပြန်မှုဟာ တည်ဆဲကုလသမဂ္ဂ(UNO)ဘောင်ထဲက၊ တည်ဆဲကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းဥပဒေဘောင်ထဲကနေ ပြဿနာတွေကို နှစ်ဖက်နိုင်(win – win) ကမ္ဘာအေးချမ်းစေ သဘောထားအ ခြေခံနဲ့ဖြေရှင်းကြဖို့ အဆိုပြုနေတာပါ။ အခြားတစ်ဖက်မှာ ကမ္ဘာပေါ်က အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်မှုမှန်သမျှကိုလည်း အားဖြည့်လုပ်ဆောင်နေတာပါ။
ဒီလိုအနေအထားမှာ ကျနော်တို့လို နိုင်ငံငယ်လေးတွေဟာ အနေတတ်ဖို့လိုပါတယ်။ အနေမတတ်ရင် ကျွဲနှစ် ကောင်ခတ်တဲ့ကြားမှာ ပြားသွားနိုင်ပါတယ်။ အမေရိကန်နဲ့တရုတ်အကြားမှာ မဖြစ်ညစ်ကျယ်ဉာဏ်နဲ့ မီးနဲ့ ကစားသလို မလုပ်သင့်ပါဘူး။
တရုတ်ပြည်ဟာ သူ့အိမ်နီးချင်းတွေကို မတူတဲ့ အလေးထားမှုနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေတာပါ။ တရုတ်က မြန်မာပြည်ကို ကြည့်နေတာနဲ့ အိန္ဒိယခြေလှမ်းကို အကဲခတ်နေပုံဟာ ဘယ်လိုမှ မတူညီနိုင်သလိုပါပဲ။
(စကစ)စစ်အုပ်စုက ကမ္ဘာနဲ့အဝန်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ တရုတ်ဆန့်ကျင်ရေးမီးနဲ့ သူ့အာဏာတည်မြဲ ရေးကို ထွေခင်းကစားနိုင်ဖို့ ဒီဥပဒေ(ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ)ကို ဖုတ်ပူမီးတိုက် ပြဋ္ဌာန်းလာတာ လို့ ယူဆပါတယ်။
ဒီဥပဒေအရ အရေအတွက် ၁၀ဦးထက် ဘယ်လောက်များမှန်းမသိတဲ့ အရေအတွက်ပမာဏကို ခွင့်ပြုပေး လိုက်ပြီး စစ်အုပ်စုက ဘယ်လိုမှ တာဝန်မခံနိုင်တော့တဲ့ (လူပုဂ္ဂိုလ်၊ ပစ္စည်း၊ ကုမ္ပဏီ) တရုတ်အကျိုးစီးပွားတွေရဲ့ လုံခြုံ ရေးကို တစ်ချက်ခုတ် နှစ်ချက်ပြတ်နည်းနဲ့ မိုက်မိုက်ကန်းကန်းလုပ်လိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံသား အများစုရဲ့ ယေဘုယျစဉ်းစားပုံက (စကစ)စစ်အုပ်စုဟာ ငါတို့ပြည်သူတွေကို အကြမ်းဖက် ဖိနှိပ်နေတယ်။ တရုတ်ပြည်ဟာ (စကစ)စစ်အုပ်စုနဲ့ပေါင်းပြီး အကျိုးစီးပွားဖြစ်ထွန်းနေတယ်။ ငါတို့ပြည်သူတွေရဲ့ ဒီမို ကရေစီနဲ့ အကျိုးစီးပွားကို လစ်လျူရှုပြီး တရုတ်ပြည်ဟာ သူတို့အကျိုးစီးပွားနဲ့ အကျိုးအမြတ်ကိုပဲ တစ်ဖက်သတ် ရယူ နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မြင်နေကြတာပါ။ ဒါဟာ အချက်အလက်အရ ဘယ်လို မှန်တယ်/မှားတယ် ဆိုတာမျိုးထက် ဒီနေ့ဖြစ်နေတဲ့ တကယ့်ပကတိအနေအထားတစ်ခုပါ။ ဒီလိုမြင်လာစေဖို့ အထက်မှာတင်ပြခဲ့တဲ့ ပြည်တွင်းပြည်ပ ရေခံ မြေခံတွေကလည်းရှိနေသလို ဘေးတီးပုံဖော် စေ့ဆော်ပေးနေတာတွေကလည်း ရေကန်အသင့် ကြာအသင့်လို ဖြစ်နေ တာပါ။
လူမျိုးရေးဘာသာရေး ရန်တိုက်သွေးခွဲမှုမှာ အံတိုအထာကျနေတဲ့ (စကစ)စစ်အုပ်စုဟာ “တရုတ်ဆန့်ကျင် ရေး” ကိုလည်း သူတို့ပဲ ဆိုင်းဘုတ်ရေးပေး လမ်းပေါ်တင်ပေးခဲ့တာမဟုတ်ပါလား။ ဒါပေမယ့် သူတို့တိုက်ရိုက်လုပ်တာ ထက် နွေဦးတော်လှန်ရေးအဝန်းအဝိုင်းထဲက တချို့အုပ်စုခွဲတွေရဲ့ “တရုတ်ဆန့်ကျင်ရေး”က (စကစ) စစ်အုပ်စုလုပ်တာ ထက် ပိုပြီး တာသွားတာ ထိရောက်တာကို (စကစ)စစ်အုပ်စုက သိသွားတယ်။ သဘောပေါက်သွားတယ်။ ဒါကြောင့် “တရုတ်ဆန့်ကျင်ရေး” တိုက်ရိုက်မလုပ်တော့ဘဲ မီးလောင်ရာလေပင့်ပေးတာမျိုး – ဓာတ်ဆီလောင် ယပ်ခတ်ပေးတာ မျိုးတွေကို အတက်ကြွဆုံး လုပ်နေပါတော့တယ်။
အခု ရုတ်တရက်ပြဋ္ဌာန်းလိုက်တဲ့ “ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ”ဟာ အဲဒီသဘောပါပဲ။ တရုတ် ကုမ္ပဏီတွေဟာ ဒီဥပဒေကပေးလာတဲ့ နည်းလမ်းကိုလက်ငင်းအသုံးချပြီး မြန်မာနိုင်ငံထဲက တရုတ်အကျိုးစီးပွားကို ထိန်းသိမ်းမလား/မထိန်းသိမ်းဘူးလားဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ရေလာဖို့တော့ မြောင်းဖော်ပေး ထားပါပြီ။
တရုတ်ပြည်က ကုလသမဂ္ဂပဋိ့ဉာဉ်စာတမ်းတို့၊ ဘန်ဒေါင်းမူကြီးတွေတို့ စတဲ့ ကြီးငယ်မဟူ နိုင်ငံချင်း တန်းတူ ရည်တူ မိတ်ဝတ်မပျက်ဆက်ဆံရေးကို လေးစားထိန်းသိမ်းတယ်။ တစ်နိုင်ငံရဲ့နိုင်ငံရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးလမ်း ကြောင်း ဆုံးဖြတ်ရွေးချယ်မှုကို လေးစားတယ်။ အသိအမှတ်ပြုတယ်။ ဒီဘောင်ထဲကနေ ဆက်ဆံနေတယ်။ ဒါကို (စကစ)စစ်အုပ်စုက အပြည့်အဝ အသုံးချတယ်။ ဒီအခါမှာ (စကစ)စစ်အုပ်စုဘက်က တရုတ်တစ်ပြည်ထဲမူကို ပြတ်ပြတ်သားသား လိုက်နာပြတာအတွက် တရုတ်ပြည်ကလည်း အပြန်အလှန်အားဖြင့် ၂၀၀၈ အခြေခံမူဘောင်ထဲက နေ ဘက်အသီးသီးဟာ ပြဿနာများကို ငြိမ်းချမ်းတဲ့နည်း၊ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာကြပါလို့ တိုက်တွန်းရ ပါတယ်။ ဒီလိုဖြေရှင်းမှုတွေကို အားပေးထောက်ခံရပါတယ်။ (စကစ)စစ်အုပ်စုကလည်း ၂၀၀၈ အခြေခံဥပဒေနဲ့အညီ၊ NCA ဘောင်ထဲကနေ ဖြစ်နိုင်သမျှ အလေးထားဖြေရှင်းသွားမယ်၊ တွေ့ဆုံဆွေးနွေးရေး တံခါးကို (EAOs) တွေအတွက် အစဉ်ဖွင့်ထားတယ်လို့ သွက်သွက်ကလေး အသံကောင်းဟစ်ပါတော့တယ်။
ခက်နေတာက မြန်မာပြည်သူတွေဟာ (စကစ)စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေကို ခါးခါးသီးသီး မုန်းတီးနေ တာနဲ့ မလိုလားတာပါ။ ဒီ ၂ခု တည်မြဲနေသမျှ သူတို့ဘဝ ဘယ်လိုမှ မအေးချမ်းနိုင်ဘူး၊ မလုံခြုံနိုင်ဘူး ဆိုတာကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲ လက်တွေ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ တိုင်းပြည်မနာရေး၊ ပြည်သူမနာရေး အမျိုးသား ပြန်လည် သင့်မြတ်ရေးရှေ့ရှုချက်နဲ့ ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်တွေ့ကြုံနေရတဲ့၊ ဖမ်းဆီးခံထားရတဲ့ဖြစ်ရပ်ကပဲ လေးလေးနက်နက် သတိပေးနေပါတယ်။
ဒီနေ့ပြဿနာတွေကို “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲကနေ ဖြေရှင်းလို့ ဘယ်လိုမှ အဖြေမရနိုင်ပါဘူး။ (စကစ)စစ်အုပ်စုကလည်း ၂၀၀၈အခြေခံဥပဒေကို သူတို့အာဏာတည်မြဲရေးအတွက် လက်မလွှတ်ဘဲ အသေဆုပ်ကိုင် ထားပါတယ်။ တရုတ်ပြည်က လက်ရှိကမ္ဘာ့အခင်းအကျင်း အနေအထားအောက်မှာ အိမ်နီးချင်း တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာတွေကို တည်ဆဲဥပဒေဘောင်ထဲကနေ ဘက်အသီးသီးဟာ ပြဿနာတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့တိုက်တွန်း နေပါတယ်။ တချို့နေရာတွေမှာ တော်တော်ကို တွန်းအားပေးနေပါတယ်။
ဒါဟာ တရုတ်ဆန့်ကျင်ရေးပေါ်ထွက်နေတဲ့ ပကတိရေခံမြေခံပါပဲ။ ကျနော်တို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူ တွေရဲ့ အဓိကဘုံရန်သူဟာ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ဖြစ်ပါတယ်။ တဖက်မှာလည်း “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို တစ်နည်းတစ်ဖုံ အသက်ဆက်နိုင်မယ့် အခြေအနေ အချက်အလက် ဖန်တီးပေးတဲ့ ပြည်တွင်းပြည်ပ – အိမ်နီး/အိမ်ဝေး ဘယ်သူ့ကိုမှ ဘယ်တိုင်းပြည် ဘယ်နိုင်ငံကိုမှလည်း ခွင့်လွှတ်နားလည်သော အမြင်နဲ့ ကြည့်နိုင် မြင် နိုင်လိမ့်မယ်လို့ မထင်ပါဘူး။
အကယ်၍ စေ့ဆော်ဖန်တီးလာသော ပြည်တွင်းပြည်ပ အကြောင်းအချက်တွေကြောင့် ကျနော်တို့ ပြည်သူတွေ ဟာ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ အဓိကဘုံရန်သူကို မျက်ခြည်ပြတ်သွားမယ်၊ သွေဖည်ဝေဝါးသွားမယ်၊ တွေဝေ ရှုပ်ထွေးသွားကြမယ်ဆိုရင်တော့ ကျနော်တို့တော်လှန်ရေးဟာ ရှေ့က နောင်တော့် နောင်တော် – တော်လှန်ရေး များကဲ့သို့ “တော်လှန်ရေးသဝေထိုး” သွားနိုင်ပါကြောင်း အလေးအနက် သတိပေး တင်ပြလိုက်ရပါတယ်။