Home သတင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် ပဲစိုက်ပျိုးထွက်ရှိမှုနှုန်းကောင်း၍ တောင်သူများ အဆင်ပြေ

ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် ပဲစိုက်ပျိုးထွက်ရှိမှုနှုန်းကောင်း၍ တောင်သူများ အဆင်ပြေ

426
Photo: Social Media

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင် စစ်တောင်းမြစ် အရှေ့နှင့် အနောက်ခြမ်းဒေသများတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားပြီးချိန် နုန်းမြေ တင်ကျန်မှုများရာမှ ပဲစိုက်ပျိုးထွက်ရှိမှုနှုန်းကောင်းသဖြင့် တောင်သူအချို့ အဆင်ပြေကြကြောင်း သိရသည်။

မတ်ပဲနှင့်ပဲစင်းငုံ စိုက်ပျိုးမှုအများဆုံး ဒေသတစ်ခုတွင်ပါဝင်သည့် ပဲခူးတိုင်းဒေသကြီးသည် ကေအဲန်ယူ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင်ရှိ၍ ယမန်နှစ်က ရေကြီးရေ လျှံမှုဒဏ်အများအပြားခံရသလို စပါးစိုက်ဧကများစွာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

ထိုသို့ ရေကြီးပြီးရေပြန်ကျချိန်တွင် နုန်းမြေတင်ကျန်မှုများသဖြင့် ပဲပင်များပေါက်ရောက်မှုအားကောင်းသလို ပဲအထွက်နှုန်းလည်းကောင်းသဖြင့် ညောင်လေးပင်ခရိုင်ရှိ စစ်ပြေငြိမ်းသည့်ကျေးရွာအချို့မှ ပဲစိုက်တောင်သူများ အဆင်ပြေကြကြောင်း ကျောက်ကြီးမြို့နယ်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျောက်ကြီးနဲ့ရွှေကျင်ကြားပေါ့၊ ရွှေကျင်ဘက်ကဆိုလည်း ရွှေသောင်ယံရွာဘက်တွေဆို ပဲစိုက် အဆင်ပြေကြတယ်။ ပဲပင်တွေက ဆိုင်ကယ်သွားတဲ့လမ်းတွေပေါ်အထိအောင် တက်ပေါက်တာ။ အဓိကကတော့ မနှစ်ကရေကြီးပြီး နုန်းတွေတင်ကျန်ခဲ့တာကြောင့်လို့ထင်တယ်” ဟု ထိုအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်၏ ယနေ့ပဲမျိုးစုံဈေးကွက်ပေါက်ဈေးအရ မတ်ပဲတစ်တန်လျှင် ၂၉၄၁,၀၀၀ (၂၉ သိန်းကျော်) နှင့် ပဲစင်းငုံ တစ်တန်လျှင် ၂၉၄၅,၀၀၀ ပေါက်ဈေးရှိသည်။ ထို့ကြောင့် ပဲစိုက်ပျိုးရိတ်သိမ်းနိုင်သည့် ကျေးရွာများ၌ စိုက်ပျိုးရောင်းချမှုအဆင်ပြေကြကြောင်း ပဲစိုက်သူများမှသိရသည်။

သို့သော် စစ်ကောင်စီ၏စစ်ကြောင်းထိုးဝင်ရောက်မှု၊ ပစ်ခတ်မှုနှင့် ဖမ်းဆီးခြိမ်းခြောက်ခံရမှုရှိနေသည့် မုန်းမြို့ နယ်အတွင်းရှိ အချို့ကျေးရွာများတွင်မူ နုန်းတင်မြေများကျန်ရှိသော်လည်း နယ်မြေတွင်းပဋိပက္ခကြောင့် ရေကြီး ချိန်မှစကာ ပဲစိုက်၍ရသည်အထိ စိုက်ပျိုးရေးတစ်ခုမှမလုပ်ကိုင်နိုင်ကြောင်း မုန်းမြို့နယ်နေ ဒေသခံတို့ကဆိုသည်။

ဒေသခံအမျိုးသားတစ်ဦးက “စိုက်လို့ရတဲ့နေရာတွေကျတော့ကောင်းတယ်။ စစ်ရှောင်တဲ့ရွာတွေ ဥပမာ သပြေကုန်း၊ အုန်းပင်စုတို့ နတ်သံကွင်းအုပ်စုဘက်ကပေါ့ အဲဒီကလေး၊ ငါးရွာဆို ဒီတစ်နှစ်က ပဲရော စပါးရော ဘာစိုက်ပျိုးရေးမှလုပ်လို့မရတာ၊ အကုန်ထားပြီးစစ်ရှောင်ရတယ်။ ရွာသားတွေနေလို့ရတဲ့နေရာတွေပေါ့ ရေကြီးတုန်းကနုန်းတွေဘာတွေကျန်တော့ ပဲကောင်းတာပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ထွက်ရှိသည့် ပဲအများစုကို အိန္ဒိယနိုင်ငံသို့ ပို့ကုန်အဖြစ်တင်ပို့ရောင်းချကြသလို အဓိကပို့ကုန်ဖြစ်သည့် မတ်ပဲဈေးကွက်မှာလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလပိုင်းက ဈေးနှုန်းအမြင့်ဆုံးဖြင့် စံချိန်တင်ရှိခဲ့သည်။ ထို့အပြင် အိန္ဒိယဘက်က မြန်မာနိုင်ငံဘက်မှ ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကို တစ်နှစ်သက်တမ်းတိုးကြောင်း ကြေညာအပြီး ပဲစင်းငုံ အရောင်းသွက်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ပဲအမျိုးအစားနှစ်ခုလုံး သိန်း ၃၀ နီးပါးဖြင့် အတက်အကျအေးနေသော်လည်း လာမည့်ကာလများတွင် အိန္ဒိယဘက်က နှစ်ဆတိုးချဲ့ဝယ်ယူမှုရှိလာမည့်အကြောင်း သတင်းပေါ်ထွက်နေ၍ ဈေးကွက်အလား လာကောင်းရှိနိုင်သည်ဟုလည်း ပဲကုန်သည်များက ခန့်မှန်းကြသည်။