Home သတင်း သုံးရက်ကြာ ပျောက်သွားသည့် တရုတ်ရုပ်ရှင် သရုပ်ဆောင် ဝမ်ရှင်း မြန်မာဘက်ခြမ်းတွင် ပြန်တွေ့

သုံးရက်ကြာ ပျောက်သွားသည့် တရုတ်ရုပ်ရှင် သရုပ်ဆောင် ဝမ်ရှင်း မြန်မာဘက်ခြမ်းတွင် ပြန်တွေ့

1339
Photo: Khaosod English & DIMSUM Daily

ဇန်နဝါရီ ၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း နိုင်ငံတွင် ရုပ်ရှင်လာရောက်ရိုက်ကူးပြီး သုံးရက်ကြာ ပျောက်ဆုံးနေသည့် တရုတ်ရုပ်ရှင် သရုပ်ဆောင်မင်းသား ဝမ်ရှင်း (ခေါ်) ရှင်းရှင်းသည် မြန်မာဘက်ခြမ်းတွင် ပြန်လည်တွေ့ရှိပြီးဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက အတည်ပြု ပြောဆိုကြောင်း ထိုင်းသတင်းဌာနများတွင် သတင်းဖော်ပြထားသည်။

တရုတ်ရုပ်ရှင် သရုပ်ဆောင် မင်းသား ဝမ်ရှင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က အဆက် အသွယ်ပြတ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ယခုလို အဆက်အသွယ် ပြတ်တောက်နေမှုအပေါ် သူ၏ ချစ်သူ ဖြစ်သူက အင်တာနက် လူမှုကွန်ရက် စာမျက်နှာများ၌ အကူအညီတောင်းခံသည့်အတွက် အများစိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။

ထို့ကြောင့် ထိုင်းတာဝန်ရှိသူများက မင်းသားကို ရှာဖွေမှုပြုလုပ်ခဲ့ပြီး CCTV မှတ်တမ်းအရ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မဟာဝမ်မြို့နယ်၊ ဟွေ့ယအုကျေးရွာမှနယ်စပ်ဖြတ်ကျော် သွားသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက် ထိုင်း အာဏာပိုင်များက မြန်မာဘက်ခြမ်းရှိ အာဏာပိုင်များကို ချိတ်ဆက် အကူအညီတောင်းဆက်လက် ရှာဖွေခဲ့သည်ဟု လုံခြုံရေးသတင်းရင်းမြစ်က ထိုင်းသတင်းဌာနများသို့ ပြောဆိုသည်။

Photo: Khaosod English & DIMSUM Daily

ထို့နောက် တရုတ်ရုပ်ရှင်မင်းသား ဝမ်ရှင်းသည် မြန်မာ နိုင်ငံဘက်တွင် ဘေးကင်းလုံခြုံစွာ ရှိနေသည်ဟု ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းတွင် ထိုင်းရုပ်မြင်သံကြားဌာန Ch 7 HD တွင် သတင်းဖော်ပြထားသည်။

ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် မင်းသား ဝမ်ရှင်းကို ထိုင်းနိုင်ငံ၏ ကလေး၊ အမျိုးသမီး၊ မိသားစုနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ရဲချုပ် သက်ချိုင်ပိတနီလပူတာက မင်းသား ဝမ်ရှင်းကို မြန်မာဘက်ခြမ်းမှ ထိုင်းနိုင်ငံသို့ ပြန်လည် လက်ခံ ခေါ်ဆောင်လာပြီး ဖြစ်ကြောင်း သိရသည်။

မင်းသား ဝမ်ရှင်းသည် တရုတ်နိုင်ငံတွင် ရုပ်ရှင်ကား တစ်ကားရိုက်ကူးထားပြီး ရုပ်သံဇတ်လမ်းတွဲများထဲတွင် သရုပ်ဆောင်နေ သူတစ်ဦး ဖြစ်ကာ နာမည်ရ လူသိများသည့် ရုပ်ရှင် သရုပ်ဆောင်တစ်ဦးလည်း ဖြစ်သည်။

Source: Bangkok Post, Dimsumdaily.hk, Khaosod English