ဇန်နဝါရီလ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့၊ ရေပူကျေးရွာတွင် ဇန်နဝါရီလ ၆ရက်၊ ယမန်နေ့က လက်ပစ်ဗုံးမတော်တဆ ပေါက်ကွဲမှု ကြောင့် လင်မယား ၂ ဦး သေလက်ဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးရွာသတင်းအရင်းအမြစ်က ပြောသည်။
ယမန်နေ၊ နေ့လည်ပိုင်းက ရေပူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနောက်ဘက် နေအိမ်ခြံဝင်းတစ်ခုအတွင်း ကရင်နယ်ခြားစောင့်တပ်-BGFတပ်ဖွဲ့နှင့်နီးစပ်သူ ကိုထွန်းမင်းဦး ကိုင်ဆောင်သည့် လက်ပစ်ဗုံးမှ မတော် တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ နေရာအနီးရှိ ကိုထွန်းမင်းဦး (၃၃) နှစ်နှင့် ဇနီး မစန္ဒာ ၂၆နှစ်တို့လင်မယား ၂ ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးပြီး အနီးရှိသူ ရပ်ကွက်သူ ကိုယ်ဝန် ဆောင်သည် အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
“ရေပူရုံးနောက်ဘက်ခြံဝင်းထဲမှာနေတဲ့ ကိုမင်းထွန်းက BGF ဂိတ်မှာ အလုပ်လုပ်တဲ့သူပေါ့။ သူက လက်ပစ်ဗုံးဆောင်ထားတာရှိတယ်။ သူ့မိန်းမနဲ့ ခြံထဲထိုင်နေကြတုန်းထုတ်လိုက်တာမှာ စနက်တံကွင်းပြုတ်ပြီးပေါက်တာကနေပွဲချင်းပြီး သေတယ်။ အဲ့မှာအတူ ထိုင်နေတဲ့ မွေးခါနီးဗိုက်ကြီးသည်တစ်ယောက် ခေါင်း အစထိ၊ နောက်ထပ် အမျိုးသမီး ၂ ယောက် ထပ်ထိတယ်။ ကိုယ်ဝန်သည်က ဖားအံ ဆေးရုံဆက်ပို့ထားတယ်တော့ သိရတယ်”ဟု ပြောသည်။
အဆိုပါ သေဆုံးသူ လင်မယားနှစ်ဦးကို ယနေ့ နာရေးသင်္ဂြိုဟ်မည်ဟုသိရပြီး ဦးခေါင်းထိခိုက် ထားသည့် ကိုယ်ဝန်သည် အမျိုးသမီးမှာ ဖားအံဆေးရုံကြီးတွင် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နီးစပ်သူများက ပြောပြချက်အရ သိရသည်။
ထိုသို့ လက်နက်ခဲယမ်းများ မတော်တဆ ပေါက်ကွဲမှု၊ သေနတ်ကျည် မတော်တဆထွက်မှုကြောင့် မြဝတီမြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ၅ ကြိမ်ထက်မနည်း ရှိခဲ့သည်။ ၎င်းမတော်တဆမှုများ အတွင်း လူသေဆုံးမှု၊ အရပ်သား ၃ဦး ထက်မနည်း သေဆုံးပြီး ၅ ဦးခန့်ဒဏ် ရာရရှိမှုရှိခဲ့ကြောင်း စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။



















