Home သတင်း မြန်မာရှိ ကျားဖြန့်လုပ်ငန်း၌ နိုင်ငံသား ၆ ဦး ထိန်းသိမ်းခံရဟု အစီရင်ခံစာအပေါ် ဂျပန်အစိုးရ စိစစ်နေ

မြန်မာရှိ ကျားဖြန့်လုပ်ငန်း၌ နိုင်ငံသား ၆ ဦး ထိန်းသိမ်းခံရဟု အစီရင်ခံစာအပေါ် ဂျပန်အစိုးရ စိစစ်နေ

721
Photo-The Asian Daily

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဂျပန်နိုင်ငံသား ၆ ဦး မြန်မာနိုင်ငံအရှေ့ဘက်နယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းခွင်တွင် ထိန်းသိမ်းခံထားရသည်ဟု လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဖက်အဖွဲ့စည်းတစ်ခုက ဇန်နဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြန် သည့် အစီရင်ခံစာ၌ ဖော်ပြထားမှုအပေါ် ဂျပန်အစိုးရက စိစစ်သွားမည်ဟု The Asian Daily သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ အစီရင်ခံစာ၌ ဖော်ပြထားမှုအပေါ် ဂျပန်အစိုးရက အတည်ပြုနေသလို နိုင်ငံသားများကို ကာကွယ်ပေးရန် လုပ်ဆောင်နေသည်ဟု ဂျပန်အစိုးရ အကြီးအကဲတစ်ဦးက တိုကျို၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျနော်တို့က ဒီအစီရင်ခံစာတွေကို အတည်ပြုဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အနီးကပ် လုပ်ဆောင်နေပြီး နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာ ရိုစီးမစဟရရှီ (Yoshimasa Hayashi)က ပြောကြားခဲ့သည်။

အဆိုပါ ဂျပန် နိုင်ငံသား ၆ ဦး ယခုလို ထိန်းသိမ်းခံထားရသည်ဟု လူကုန်ကူးခံရသူများ ကူညီစောင့် ရှောက်ရေးအရပ်ဖက်လူမှုအဖွဲ့အစည်း၏ ဇန်နဝါရီ ၁၄ ရက်နေ့တွင်ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားခြင်းဖြစ်သည်ဟု The Asian Daily သတင်း၌ ဖော်ပြထားသည်။

ယခုလို ကျားဖြန့် လုပ်ငန်းခွင်သို့ ရောက်ရှိနေသူ ဂျပန် ၆ ဦးတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

၎င်းအပြင် မြန်မာနယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းခွင်တွင် အခြားနိုင်ငံသားများလည်း ထိန်းသိမ်း ခံထားရသည်ဟု သတင်းများ ထွက်ပေါ်နေလျက်ရှိကြောင်း သိရသည်။