ဇန်နဝါရီ ၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ပေါ်နှင့် မစိုးရိမ်ဘုန်းကြီးကျောင်းတိုက်သို့ စစ်ကောင်စီက ဇန်နဝါရီ ၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက် ခဲ့သည်ဟု TNLA က ထုတ်ပြန်ပြောသည်။
စစ်ကောင်စီက Y12 ဂျက်တိုက်လေယာဉ်ဖြင့် မိုးကုတ်မြို့ပေါ်သို့ ဗုံးအလုံး ၂၀ ကြဲချခဲ့ပြီး မိုးကုတ်မြို့အရှေ့ပိုင်း ဂေါက်ကွင်းထဲသို့ ဗုံးသီး (၁၄) လုံးကျရောက်ပေါက်ကွဲ သွားသလို၊ မစိုးရိမ်ဘုန်းကြီးကျောင်းတိုက် အတွင်းသို့ ဗုံး(၅)လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်(၅)လုံး၊ မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီး သွားသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မို့ကုတ်မြို့အနောက်ပိုင်းရှိ ကျောက်ဆင်ရပ်ကွက်နှင့် ဘော်မားရပ်ကွက်များ ပေါ်သို့ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းပိုက် ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၃ဝ) ရက်နေ့တွင်လည်း TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် နောင်ချိုမြို့နယ် ဆီစုံကျေးရွာမှာရှိသည့် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားသည်ဟု TNLA က ပြောသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီ ၈ ရက်၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် အရပ်သား ၄၁ ဦး သေဆုံးခဲ့ပြီး ၅၂ ဦးထိခိုက် ဒဏ်ရာများရရှိခဲ့သည်ဟု နိရဥ္စရာသတင်းဌာနတွင် ဖော်ပြထားသည်။



















