Home သတင်း ဖားအံတွင် လျှပ်စစ်မီးပေးဝေမှုအချိန် ပိုမိုတိုတောင်းလာသဖြင့် မြို့ခံများ၏ လူနေမှုအခက်အခဲ တိုးမြှင့်လာ

ဖားအံတွင် လျှပ်စစ်မီးပေးဝေမှုအချိန် ပိုမိုတိုတောင်းလာသဖြင့် မြို့ခံများ၏ လူနေမှုအခက်အခဲ တိုးမြှင့်လာ

540
Photo: CJ

ဇန်နဝါရီ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ် ရပ်ကွက်များတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုရှည်ကြာလာသောကြောင့် စားဝတ်နေထိုင်ရေးနှင့် လူမှုစီးပွားအပေါ်များစွာ သက်ရောက်၍ အခက်အခဲပိုမိုဖြစ်ပွားလာကြောင်း မြို့ခံများထံမှသိရသည်။

ဖားအံ၊ မော်လမြိုင်၊ ဇာသပြင်၊ သထုံ၊ မြိုင်ကလေး လျှပ်စစ်ဓာတ်အားလိုင်းများမှ အဓိကဓာတ်အား ပေးဝေလျက်ရှိသော ဖားအံမြို့ပေါ်ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ယနေ့ထိတိုင် တစ်နေ့တာပတ်လုံး စုစုပေါင်း(၃)နာရီခန့်သာ လျှပ်စစ်မီးရရှိနေခြင်းဖြစ်ပြီး အချို့ရပ်ကွက်များတွင် ထိုထက်ပိုမိုဆိုးရွားနေကြောင်း မြို့ခံများက ပြောသည်။

တစ်နေ့လျှင် (၃)ကြိမ်ခန့်၊ တစ်ကြိမ်လျှင် ၁ နာရီကြာဝန်းကျင်သာ လျှပ်စစ်မီးပေးသောကြောင့် ထမင်းဟင်း ချက်ပြုတ်ရန်ပင် လုံလောက်ခြင်းမရှိပဲ ထင်း၊ မီးသွေးနှင့် ဂက်စ်များကို အားထားအသုံးပြုနေကြရ၍ နေ့စဥ် လူမှုလုပ်ငန်းဆောင်တာများအတွက် ထိခိုက်မှုရှိလာသည်ဟု အိမ်ရှင်မတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ မီးပေးချိန်က ကြာလေ နည်းလာလေပဲ။ နောက်ဆို ပေးတောင်လာပါတော့မလား မသိဘူး။ အခု မနက် (၂) နာရီလောက်လာပြီ ဆိုရင် ရေတင် ထမင်းတွေဘာတွေ ထချက်ရတာပေါ့။ အလုပ်လုပ်တဲ့ သူဆိုရင် အဆင်မပြေဘူးလေ။ အိပ်ရမယ့် အချိန်တောင် မီးကိုစောင့်ပြီး ထမင်းချက်ရတာ။ မီးလာတဲ့အချိန်မှာ အိမ်အလုပ်တွေ လုလုပ်နေကြတော့ ဆွဲအားမနိုင်၊ ထမင်းတစ်အိုး မကျက်တဲ့ အခါတောင်ရှိတယ်။ မီးသွေး၊ ဂတ်စ်တွေ စျေးတက်နေလည်း အရေးပေါ်ဆို အဲဒါပဲ အားကိုးနေရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုကဲ့သို့ လျှပ်စစ်မီးပုံမှန်မရရှိခြင်း၊ မီးပေးချိန် ပိုမိုတိုတောင်းလာခြင်းတို့ကြောင့် အိပ်ချိန်မမှန်၊ လူနေမှုဘဝများလည်း ထိခိုက်လာသည့်အပြင် အထွေထွေကုန်ကျစရိတ်များလည်း များပြားလာကြောင်း အဆိုပါ မြို့ခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။

လက်ရှိ စက်သုံးဆီဈေးအပြင် ပြည်တွင်း၌ကုန်ပစ္စည်းအားလုံးနီးပါး ဈေးမြင့်တက်နေသည့်အချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားသဖြင့် လုပ်ငန်းစီးပွားပိုမိုထိခိုက်သလို ရေရှည်အတွက် ဆုံးရှုံးနစ်နာမှု များလာသည်ဟု ဖားအံမြို့ရှိ အသေးစားလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။

“တနေ့ကို အများဆုံးရမှ နှစ်နာရီ၊ သုံးနာရီဆိုတော့ တော်တော်ဆိုးဆိုးပဲ။ လုပ်ငန်းအတွက် နိုင်နင်းတဲ့ မီးစက်ပြန်ဝယ်ရတော့ မလိုလားအပ်တဲ့ ငွေကုန်ကျတာပေါ့။ တစ်ခါတလေ ဓာတ်ဆီဝယ်ရတာလည်း အရမ်းအခက်အခဲဖြစ်တယ်။ လိုအပ်တဲ့အချိန်လောက်ပဲ မီးစက်ဖွင့် အဲယားကွန်းတွေလည်း သုံးမရဘူး။ ရေရှည်အတွက် တော်တော့်ကို အဆင်မပြေဖြစ်ပါတယ်။” ဟု အလှပြင်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖားအံတစ်မြို့လုံးအတိုင်းအတာအားဖြင့် ယခင်ကထက် လျှပ်စစ်မီး ရရှိချိန် လျော့နည်းသွားသော်လည်း စစ်ကောင်စီလက်အောက်ရှိ လျှပ်စစ်ဌာနမှ ကောက်ခံသည့် မီတာခမှာ လျှော့ကျသွားခြင်း မရှိ၊ ပုံမှန်နှုန်းထားအတိုင်း ကောက်ခံနေမြဲဖြစ်သည်ဟုလည်း မြို့နေပြည်သူများက ပြောဆိုကြသည်။

၎င်းအပြင် အများပြည်သူနေထိုင်ရာ ရပ်ကွက်များတွင် လျှပ်စစ်မီးပြတ်တောက်မှု ကြာလေဆိုးရွား လေဖြစ်သည့်တိုင် စစ်ကောင်စီဌာနဆိုင်ရာရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စစ်တပ်တပ်ဝင်း နေရာများတွင်မူ လျှပ်စစ်မီးအသုံးပြုခွင့်ပိုရနေသည့် အခြေအနေဖြစ်ကြောင်း ဖားအံမြို့ခံများ၏ပြောပြချက်အရ သိရသည်။

ဖားအံမြို့သာမက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင်လည်း စစ်အစိုးရ အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပေးဝေမှု ဆိုးသထက်ဆိုးလာသောကြောင့် ငွေကုန်ကြေးကျခံ၍ ဆိုလာများ၊ ဂတ်စ်အိုးများ၊ မီးစက်များ ကိုသာ အစားထိုးအသုံးပြုနေရသည်။

စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနကမူ ပျမ်းမျှတစ်ရက်လျှင် လျှပ်စစ်ဓါတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ် ရှိသော်လည်း ဓါတ်အားထုတ်လုပ်နိုင်မှုမှာ တစ်ရက်လျှင် ၁၇၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သောကြောင့် တစ်နိုင်ငံလုံးတွင် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးစနစ်ပေးနေရကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ၃၅ ရာခိုင်နှုန်း အချိုးကျ ဓာတ်အားခွဲ‌ဝေပေးနေရကြောင်း ယခု ဇန်နဝါရီလဆန်းပိုင်းက ထုတ်ပြန်သည်။