ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ သထုံခရိုင်/တပ်မဟာ(၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ မဲပလီနှင့်အစူးချောင်းကျေးရွာအုပ်စုတို့မှ တစ်လနီးပါးကြာ နေရပ်ရှောင်တိမ်းနေရသည့် စစ်ဘေးရှောင် (၂,၀၀၀)ကျော်မှာ နယ်မြေ အေးချမ်းလုံခြုံမှုမရှိသေးသဖြင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြ သေးကြောင်း ဒေသတွင်း တာဝန်ရှိသူတို့ထံမှ သိရသည်။
မဲပလီကျေးရွာအုပ်စုအောက် ရွာပေါင်း(၈)ရွာတွင် စုစုပေါင်း လူဦးရေ ၁,၅၀၀ ဝန်းကျင်ရှိပြီး အစူး ချောင်းကျေးရွာအုပ်စုအောက် ရွာ(၄)ရွာတွင် လူဦးရေ စုစုပေါင်း ၁,၀၀၀ ဝန်းကျင်ဖြစ်၍ အုပ်စုနှစ်စုပေါင်း လူဦးရေ (၂,၅၀၀)ခန့်ရှိသည်။
ယင်းတို့မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမအပတ်က မဲပလီရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးအင်အားစုဘက်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲမည့် ကောလာဟလ ပေါ်ထွက်လာခြင်းအပြင် စစ်ကောင်စီမှ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့အချိန်ထိလည်း လုံခြုံရေးစိုးရိမ်နေရသဖြင့် နေရပ်မပြန်နိုင်သေးခြင်းဖြစ်သည်ဟု ကေအဲန်ယူ သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။
ပဒိုစောစိုးမြင့်က “ဇန်နဝါရီလကနေစပြီး စစ်ကောင်စီလေယာဉ်တွေက မကြာမကြာ ဗုံးတွေလာ ပစ်ချတယ်။ မဲ့ပရေခီး စစ်စခန်းမှာ ဒု-ဗျူဟာမှူးထိုင်နေတာဖြစ်တယ်။ လက်နက်ကြီးတွေပစ်တာ ရွာတွေထဲကို ကျတော့ အိုးအိမ်တွေ ထိခိုက်ပျက်စီးတယ်။ လေယာဉ်ကလည်း ကစယ်ဖိုး (တောင်ကလေး)ကို လာပစ်ချတာ ရွာဘေးကို ကျတာဖြစ်တဲ့အတွက်ကြောင့် အိမ်တွေပျက်စီးတယ်။ အဲ့ဒီလိုမျိုးတွေဖြစ်တော့ ပြည်သူတွေက သူတို့ကျေးရွာတွေမှာ အခုထိ ပြန်မနေရဲကြသေးဘူး” ဟု ပြောသည်။
မဲပလီစစ်စခန်းတဝိုက်ရှိ အဆိုပါကျေးရွာ (၁၁)ရွာမှ ဒေသခံ(၂,၀၀၀)ကျော်မှာ ဘီးလင်းမြို့နယ်အတွင်း တချို့လွတ်ကင်းရာကျေးရွာများတွင် သွားရောက်ရှောင်တိမ်းနေကြသလို ကျိုက်ထိုမြို့နယ်ထဲမှ အသိ မိတ်ဆွေရှိရာ ကျေးရွာများနှင့် ဘုန်းကြီးကျောင်းများတွင်ပါ ခိုလှုံနေထိုင်ကြသည်ဟု ကေအဲန်ယူက ပြောသည်။
ထို့အပြင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ နေရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက် များ ရှိနေကြောင်းလည်း ဒေသတွင်းတာဝန်ရှိသူများနှင့် ဘီးလင်းဒေသခံတို့ထံမှ သိရသည်။
ဘီးလင်းမြို့နယ်အတွင်း ပျံ့နှံ့နေထိုင်ကြသည့် စစ်ဘေးရှောင်များတွင် အလူးကျေးရွာအုပ်စု အလူး ကျေးရွာ၌ စစ်ဘေးရှောင် ၂၀၀ ဝန်းကျင်ရောက်ရှိနေသည်။ ၎င်းတို့အတွက် ဒေသခံနေအိမ်အချို့၌ ဝေမျှနေစေသည့်အပြင် ရွာအတွင်းနေရာသီးသန့်ထား၍ လက်ခံထားပေးသည်ဟုလည်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“တချို့ကတော့ သူတို့အသိအိမ်တွေနဲ့ နေလို့ရတဲ့အိမ်မှာမျှနေကြတယ်။ တချို့ကတော့ စစ်ရှောင် နေရာသီးသန့်လုပ်ထားပေးတဲ့နေရာမှာ နေကြတယ်။ ထောက်ပံ့မှုကတော့ ပြည်သူအချင်းချင်းပဲပေါ့။ အဖွဲ့တချို့ဆီကအလှူခံရလာတာ ရှိပေမယ့် လိုအပ်ချက်ရှိနေပါသေးတယ်။ မဲပလီဘက်မှာက တိုက်ပွဲဖြစ်နေသေးတယ်လို့ကြားတော့ မပြန်ရဲကြသေးဘူး” ဟု ဘီးလင်းဒေသခံအမျိုးသမီးက ပြောသည်။
ကေအဲန်ယူ၏ ထုတ်ပြန်ပြောဆိုမှုအရ ပြီးခဲ့သည့် ဇန်နဝါရီလ(၃)ရက်နေ့တွင် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နတ်ကြီးကျေးရွာနေ ဒေသခံ(၂)ဦး သေဆုံးကာ (၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သလို ကျိုက်ထိုမြို့နယ်ဘက်တွင်လည်း လက်နက်ကြီးကျရောက်၍ ထိခိုက်သေဆုံးမှုများရှိနေသည်။
ထို့အတူ မဲပလီစခန်းဘက်တွင် ဇန်နဝါရီ တတိယအပတ်အထိ စစ်ကောင်စီ၏စစ်ကြောင်း ထိုးဝင် လှုပ်ရှားမှုများ ရှိနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောသည်။



















