ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လိုလားတောင့်တလျက်ရှိသည့် ကရင့်တော်လှန်ရေးအောင်မြင်မှု၏ အဓိကကျသော့ချက် သည် တစ်မျိုးသားလုံး စည်းလုံးညီညွှတ်မှုရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ရေးဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
နံနက်ဖြန် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးအတွက် ပေးပို့သော ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ သဝဏ်လွှာ တွင် ထိုသို့ထည့်သွင်းပြောဆိုထားခြင်းဖြစ်ပြီး ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုနေသည့် ကရင့်တော်လှန်ရေးအောင်မြင်ရန် မိမိတို့အချင်းချင်း စည်းလုံးမှု၊ ကိုယ်တိုင်ဆန္ဒရှိမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့က အဓိကကျသည်ဟု ဆိုသည်။
ထို့အပြင် တော်လှန်ရေးအောင်မြင်ရန် မိမိကိုယ်ကိုကရင်ဟု သတ်မှတ်ထားသည့်သူတိုင်းနှင့် ကရင်လူမျိုးအကျိုးဆောင်ရွက်နေသည့် အဖွဲ့အစည်းတိုင်းတွင် တာဝန်ရှိသလို အချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌက သဝဏ် လွှာတွင် အသိပေးတိုက်တွန်းထားသည်။
ကရင့်တော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်မှာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်သလို ကေအဲန်ယူအနေဖြင့်လည်း တိုင်းရင်းသားပြည် သူများအကျိုးအတွက် နိုင်ငံရေးရည်မှန်းချက်အဖြစ် ထားရှိ ဆောင်ရွက်နေသောကြောင့် နိုင်ငံရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားညီအစ်ကိုများ မိမိတို့နှင့် လက်တွဲဆောင်ရွက်ကြရန် ကေအဲန်ယူက ဖိတ်ခေါ်ထားသည်။
နိုင်ငံကြီးပွားတိုးတက်ရန် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည့် အာဏာရှင်စနစ်အလုံးစုံ အဆုံးသတ်၍ တန်းတူညီမျှမှု၊ လွတ်လပ်မှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အင်္ဂါရပ်များနှင့်ပြည့်စုံရန် ကြိုးပမ်းတည် ဆောက်သွား ရမည်ဖြစ်သည်ဟုလည်း ကေအဲန်ယူဥက္ကဋ္ဌက ပြောဆိုသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိသော ပြည်နယ်များ၊ လူမျိုးအခြေပြုပြည်နယ်များ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ဆောက်ခြင်းဖြင့် ခိုင်မာအားကောင်းသော ပြည်ထောင်စု ပေါ်ထွက်လာမည်ဖြစ်သောကြောင့် မိမိတို့အနေဖြင့်လည်း ကော်သူးလေကရင်ပြည်ကို ထူထောင်ကြရမည်ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာမှတဆင့် နှိုးဆော်သွားသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ် နှံမှုများ နှင့်အခြားကဏ္ဍများ ပိုမိုယိုယွင်းရပ်ဆိုင်းလာသည့်အပြင် တစ်နိုင်ငံလုံးအနှံ့ စစ်ဘေးရှောင်ဦး ရေမြင့်တက်ချိန်တွင် နိုင်ငံတကာ၏အသိအမှတ်ပြုမှုခံရရန် စစ်ကောင်စီက ရွေးကောက်ပွဲ မဖြစ်မနေကျင်းပရေး ဆိုင်းပြင်းနေခြင်းကို ကေအဲန်ယူအနေဖြင့် ဆန့်ကျင်ကြောင်းလည်း ကေအဲန်ယူက ပြောသည်။
သို့ဖြစ်၍ နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအေးချမ်း ရေးနှင့်ပဋိ ပက္ခများ ဖြေရှင်းရန် တော်လှန်ရေးလုပ်ဆောင်နေသည့် တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း များအား လိုအပ်သော သက်ဆိုင်ရာကဏ္ဍအလိုက် အကူအညီပေးကြရန်နှင့် မိမိတို့ ကရင် လူမျိုး အဖွဲ့အစည်းအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးသည်လည်း နောင်လာမည့်တော် လှန်ရေးလှုပ်ရှားမှုအတွင်း စည်းလုံးမှုဖြင့်တိုက်ပွဲဝင်သွားကြရန် ကေအဲန်ယူက တိုက်တွန်းတောင်းဆိုသည်။
၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ကို ဖဆပလ အစိုးရက တရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် KNDO တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့်နေ့ကို အစွဲပြု၍ ကရင့်တစ်မျိုးသားလုံး တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
နှစ်စဥ်ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ကေအဲန်ယူအုပ်ချုပ် သည့်နယ်မြေများတွင် သက်ဆိုင်ရာအစုအဖွဲ့လိုက် အခမ်းအနားများဖြင့် ကျင်းပပြုလုပ်ကြ သည်။ သို့သော် စစ်ကောင်စီဘက်က လေကြောင်း အသုံးပြုမှုပိုမိုအားကောင်းပြီး စစ်ရေးအရှိန်အဟုန်ပိုမိုကျယ်ပြန့်လာသည့် ယခုနှစ်တွင်မူ ကေအဲန်နယ်မြေအများစုတွင် သိုသိုသိပ်သိပ်ဖြင့် အကျဥ်းရုံးသာ ပြုလုပ်ကြကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။



















