ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၅ ကေအိုင်စီ
နှစ်ပေါင်း ၃၀ ကျော်ကြာ လက်လွတ်ခဲ့ရသည့် သမိုင်းဝင် ကရင်အမျိုးသားအစည်းအရုံး-KNU ဌာနချုပ်ဟောင်း မာနယ်ပလောတွင် ယနေ့ကျရောက်သည့် ၇၆ နှစ်မြောက် ကရင်အမျိုး သားတော်လှန်ရေးနေ့ကို ပထမဦးဆုံးအကြိမ် ပြန်လည်ကျင်းပနိုင်ခဲ့သည်။
မာနယ်ပလော ဒေသအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ အရေးပါသော စစ်စခန်း ကုန်းဖြစ်သည့် အမှတ်(၃၁၁) အမြောက်တပ်ရင်းနှင့် ပွိင့်(၉၁၃)ဗျူဟာကုန်းစခန်းများကို ကရင်အမျိုး သာလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက ယမန်နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က သိမ်းပိုက်ရှင်းလင်းနိုင်ပြီးနောက် ယခုလို ပြန်လည်ဝင်ရောက် ကျင်းပနိုင်ခြင်း ဖြစ်သည်။
ယနေ့အခမ်းအနားသို့ KNLA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၊ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေ အပါအဝင် တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များအပြင် ဗမာပြည်သူ့ လွတ်မြောက် ရေးတပ်မတော်-BPLA၊ အာရက္ခတပ်တော်-AA နှင့် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-KPLA စသည့် မဟာမိတ်ထိပ်ပိုင်းခေါင်းဆောင်များနှင့်တပ်ဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ နှင့် KNDO စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး စောရှီးလေတို့မှ တော်လှန်ရေးနေ့ အားပေးတိုက်တွန်းစကားများ ပြောကြားခဲ့သလို တော်လှန် ရေးနေ့ အတွက် ပေးပို့လာသည့်သဝဏ်လွှာအချို့ကိုလည်း ဖတ်ကြားခဲ့သည်။
ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ယနေ့ မိန့်ခွန်းပြောကြားရာတွင် “တော်လှန်ရေး နှစ်ပေါင်း ၅၀၊ ၆၀ ကြာသွားတဲ့ ကာလထဲမှာ ဘာတစ်ခုမှ မကောင်းခဲ့ဘူး။ ရန်သူဘက်က တော်နေလို့မဟုတ်ဘူး။ ကိုယ်တွေ ဘက်က အားနည်း ချက်တွေ ရှိနေလို့ပဲ။ အားနည်းလို့ပဲ ခံရတယ်။ ကိုယ်နဲ့ ထိုက်သလောက်ပဲရတယ်။ တော်လှန်ရေးနှစ်ပိုကြာလေ ပိုပျက်စီးလေပဲ။ အဲ့အတွက် အချိန်မဖြုန်းတော့ဘဲနဲ့ မြန်မြန်ဆန်ဆန် နဲ့ ရဲရဲ ရင့်ရင့် စည်းစည်းလုံးလုံး ဆက်လုပ်သွားဖို့က အားလုံးရဲ့တာဝန်ပဲ” ဟု အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။
ထို့အပြင် လက်ရှိတွင်လည်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင်အင်အားစု အားလုံး နှင့်လည်း လက်တွဲပူးပေါင်းတိုက်ခိုက်နေပြီး ရှေ့ဆက်၍လည်း မဟာမိတ်များနှင့်အတူ စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ထည့်သွင်းပြော ကြားသွားသည်။

သမိုင်းဝင် မာနယ်ပလော ဒေသတွင် ပထမဆုံးအကြိမ်ပြန်လည် ပြုလုပ်ကျင်းပနိုင်သည့် ယနေ့ ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို နယ်စပ်ဒေသ သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ ကော်သူးလေ အထက်တန်းကျောင်းများမှ ကျောင်းသူ၊ကျောင်းသားများကို အဓိက ဖိတ်ခေါ်ခဲ့သလို ဒေသခံလူ ထုများလည်း ပါဝင်တက်ရောက်ခဲ့ပြီး စုစုပေါင်း လူဦးရေ (၁,၀၀၀) နီးပါး တက်ရောက်ခဲ့ကြသည်။
“မာနယ်ပလောနေရာကို ကျောင်းသုံးစာအုပ်ထဲမှာပဲ ကြားဖူးတာ။ ဒီမာနယ်ပလောကို ရောက်လာတော့ ဘယ်လိုခံစားမိလဲဆိုတော့ ကျမတို့ရဲ့ လူမျိုးတွေလွတ်မြောက်ချင်တဲ့ မျှော်လင့်ချက်တွေပြည့်ဖို့ တဖြည်းဖြည်းနဲ့ရောင်နီသန်းလာပြီး။ ပြီးတော့ တစ်နေ့ကျရင် ကျမတို့ကရင်လူမျိုးတွေ လွတ်မြောက်နိုင် မယ်ဆိုတဲ့ စိတ်ခွန်အား တွေဖြစ်လာစေတယ်။” ဟု အခမ်းအနားသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်ကြီး စောဘိုမြ အမှတ်တရအထက်တန်းကျောင်းသူ နော်မီမီဆန်းက ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် ဖန်းဖောင်ဒေရှင်းမှ နှစ်စဥ်ပေးအပ်သည့် ၂၀၂၄ ခုနှစ်၊ ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်း ဆောင်ဆုကိုပါ ယနေ့ အခမ်းအနားတွင် ဆုရှင် လူငယ်ခေါင်းဆောင် ပဒိုနော်ရှီးဝါးအား ပေးအပ်ခဲ့သည်။
၁၉၉၄ ခုနှစ်က ကေအဲန်ယူ အဖွဲ့အစည်းအတွင်း ဘာသာရေးကိုအခြေခံပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ခွဲထွက်ပြီးနောက် အဖွဲ့အစည်းတွင်းပြိုကွဲကာ ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အစည်းအရုံး၏ မာနယ်ပလော ဌာနချုပ်ကို လက်လွတ်လိုက်ရသည်။
မာနယ်ပလော ဌာနချုပ်ကို ၁၉၇၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး KNU အပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD-LA)၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ-NCGUB စသည့် မဟာမိတ်များ၏ ဌာနချုပ် ရုံးစိုက်ခဲ့ရာ သမိုင်းဝင်နေရာလည်းဖြစ်သည်။




















