Home သတင်း ကရင်လူမျိုးတိုင်း တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် KNLA စစ်ဦးစီးချုပ် တိုက်တွန်း

ကရင်လူမျိုးတိုင်း တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် KNLA စစ်ဦးစီးချုပ် တိုက်တွန်း

964

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စည်းလုံးမှုကို တည်ဆောက်နိုင်သည့်နေ့သည် တော်လှန်ရေးပန်းတိုင် ရောက်ရှိမည့်နေ့ ဖြစ်သောကြောင့် ကရင့် တော်လှန်ရေးတွင် ကရင်လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား၌ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက တိုက်တွန်းလိုက်သည်။

ကရင့်အမျိုးသားတော်လှန်ရေးနှစ်ပေါင်း (၇၆) နှစ် ကြာမြင့်လာသည့်တိုင်အောင် အချင်းချင်း စည်းလုံး ညီညွတ်မှုမရှိကြဘဲ အမြင်သဘောထားများ ကွဲပြားကြခြင်းကြောင့် ကရင်အမျိုးသားများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေး မျှော်မှန်းချက်သည် ကြာရှည်နေရကြောင်း ကရင်အမျိုးသားရေးလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ်က ပြောသည်။

ထို့ကြောင့် တော်လှန်ရေးပန်းတိုင် ရောက်ရှိရန် ကရင်လူမျိုးတိုင်း စုစည်းညီညွတ်ကြရန် ကေအဲန်ယူ ထိန်းချုပ် နယ်မြေတစ်နေရာတွင် ကျင်းပသည့် တော်လှန်ရေးနေ့အခမ်းအနား၌ ဗိုလ်ချုပ်ကြီး စောဂျော်နီက ယခုလို တိုက် တွန်းသည်။

“တော်လှန်ရေးက (၇၆) နှစ်မြောက် ရှိလာပေမယ့် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်မရောက်သေးဘူး။ ဒါက စည်းလုံး ညီညွတ်မှု မရှိတဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်။ စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ရင် ပန်းတိုင် ရောက်ဖို့လည်း မလွယ်ကူဘူး။ ပန်းတိုင်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့က ကရင်လူမျိုးတိုင်းမှာ တာဝန်ရှိတယ်။ ကိုယ့်ကိုယ်ကို ကရင်လို့သတ်မှတ်ရင် ဒီတော်လှန်ရေးထဲမှာ တစိတ်တဝမ်းထဲ အားလုံးပူးပေါင်းပါဝင်ဖို့ တိုက် တွန်းတယ်” ဟု အခမ်းအနားတွင် ပြောကြားသည်။

ယနေ့ အခမ်းအနားသို့ ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ဗဟိုခေါင်းဆောင်အချို့၊ KNLA စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ တပ်ဖက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များ၊ (KWO) ကရင်အမျိုး သမီးအစည်းအရုံးနှင့် (KYO) ကရင်လူငယ်အစည်းအရုံးမှ ‌ကျောင်းသားလူငယ်များ စုစုပေါင်း လူဦးရေ (၁၅၀) ဝန်းကျင် တက်ရောက်ခဲ့ကြသည်။ ကရင့်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ ဂုဏ်ပြုသီချင်းသီဆိုခြင်း၊ (KWO)နှင့် (KYO) တို့ သဝဏ်လွှာများကို ဖတ်ကြားခြင်းအပြင် တက်ရောက်လာသော ကေအဲန်ယူ ခေါင်းဆောင်များက မိန့်ခွန်းအသီးသီးပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ ပါဝင်တက်ရောက်သူ ကရင်လူငယ်တစ်ဦးက “ ဒီကရင်တော်လှန်ရေးနေ့ အခမ်းအနားကို စီစဥ်ပေးတဲ့ အကြီးအကဲတွေကို ကျေးဇူးတင်တယ်။ ဒီတော်လှန်ရေးအောင်မြင်ဖို့ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လူငယ်တွေကို ပြောချင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ယခင်က ကေအဲန်ယူ ထိန်းချုပ်သည့်နယ်မြေများတွင် သက် ဆိုင်ရာ KNLA တပ်မဟာအလိုက် စစ်ရေးပြအခမ်းအနားနှင့် ကျင်းပပြုလုပ်လျက်ရှိသော်လည်း နိုင်ငံရေး အခြေ အနေကြောင့် လုံခြုံရေးအရ အခမ်းအနားကြီးများ၊ စစ်ရေးပြများဖြင့် မပြုလုပ်နိုင်ခဲ့ဘဲ ဗဟိုဌာနချုပ်အနီး တစ်နေရာတွင် သက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် ဟောပြောပွဲ အခမ်းအနားဖြင့်သာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ကျရောက်သော (၇၆) နှစ်မြောက် ကရင်တော်လှန်ရေးနေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၇ နယ်မြေရှိ ကလို့ယော်လေး ကွင်းပြင်အနီးတွင် နံနက် ၇နာရီခွဲကျော်အချိန်၌ ကာမီကာဇီ အသေခံဒရုန်း ၂လုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖဆပလ အစိုးရက တရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် KNDOတို့ အကြား တိုက်ပွဲ များ စတင်ဖြစ်ပေါ်သည့်နေ့ကို အစွဲပြုပြီး ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။