Home တွေ့ဆုံမေးမြန်းခန်း “Fe5 Tanintharyi သုတေသနအဖွဲ့ အယ်ဒီတာ ကိုကျော်နှင့် ဆက်သွယ်မေးမြန်းခြင်း”

“Fe5 Tanintharyi သုတေသနအဖွဲ့ အယ်ဒီတာ ကိုကျော်နှင့် ဆက်သွယ်မေးမြန်းခြင်း”

270

“Fe5 Tanintharyi သုတေသနအဖွဲ့ အယ်ဒီတာ ကိုကျော်နှင့် ဆက်သွယ်မေးမြန်းခြင်း”

“နိုင်ငံတကာအကူအညီတွေ တနင်္သာရီတိုင်းကို မဝင်ပါဘူး”

မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်-PDF၊ မွန်တော်လှန်ရေးတပ်ဖွဲ့ စသည့်အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေး ပဋိပက္ခဖြစ်ပွားနေကြသည်။ မြို့များအနီးထိ တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်ကလည်း နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေး လုပ်ဆောင်လျက်ရှိပါသည်။

ထို့ကြောင့် စစ်ရှောင်များအခြေအနေနှင့် စစ်ရေးပဋိပက္ခအခြေအနေများကို တနင်္သာရီတိုင်းအထူးပြု သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Fe5 Tanintharyi မှ အယ်ဒီတာ ကိုကျော်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တနင်္သာရီ စစ်ရှောင်နေရသူတွေ ဘယ်လို တိုးလာလဲ။ ကနဦးပြောပေးပါ။
ဖြေ။ ။ တနင်္သာရီတိုင်းရဲ့ စစ်ဘေးရှောင်အခြေနေကို ပြောရလို့ရှိရင်ပြီးခဲ့တဲ့၂၀၂၄ခုနှစ် မှာဆိုရင် စစ်ဘေးရှောင် တွေက တောက်လျှောက်တက်လာတာ တွေ့ရတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းအထိက များသောအားဖြင့် သုံးသောင်း ကျော် လေးသောင်း အဲ့ဝန်းကျင်လောက်ရှိတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်း အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ စစ်ဘေးရှောင်တွေ ပြန်ပြီးတော့ တက်လာတာတွေ့ရတယ်။ ၂၀၂၄ ဇန်နဝါရီက စပြီးတော့ စစ်ဘေးရှောင် အရေ အတွက် မြင့်တက်လာတာ။

အခုဆိုရင် ငါးသောင်းနဲ့ခြောက်သောင်းကြားမှာ ဖြစ်လာတယ်။ ၂၀၂၄ နိုဝင်ဘာမှာ စစ်ဘေးရှောင်ခြောက်သောင်း ရှစ်ထောင်အထိရှိတယ်။ ဒီလမှာလည်း ခြောက်သောင်းအကျော်မှာရှိနေမယ်လို့ ကျနော်တို့ ခန့်မှန်းထားတယ်။ စစ်ဘေးရှောင်အများဆုံးရှိတဲ့ နေရာတွေကတော့ ပုလောမြို့နဲ့ လောင်းလုံးမြို့နယ်။ ဒီနေရာတွေက စစ်ဘေးရှောင် အများဆုံးရှိတဲ့ ဒေသတွေ နောက်တစ်ခုက ရေဖြူမြို့နယ် အခုလက်ရှိမှာ စစ်ရေးကပိုပိုပြီး ပြင်းထန်လာတဲ့ အခြေအနေမှာ ရှိတယ်။

စစ်ကောင်စီတပ်ကလည်း တနင်္သာရီတိုင်းနယ်မြေစိုးမိုးမှု ရဖို့အတွက် စစ်ပြင်လာတယ်။ စစ်တပ်အင်အားတွေကို တိုးချဲ့လာတယ်။နောက်ပြီးတော့ ရက်ရှည်စစ်ကြောင်းထိုးတာတွေကို လုပ်ဆောင်လာတယ်ပေါ့နော်။ အဲ့ဒီအခါကျ တော့ စစ်ပွဲတွေပိုပြီး ပြင်းထန်လာဖို့ရှိတယ်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကောင်စီ တပ်တွေက နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ဖို့အတွက် ပြန်ပြီးလုပ်ဆောင်လာတာတွေရှိပါတယ်။

မေး။ ။ စစ်ရှောင်တွေကို နိုင်ငံတကာ အကူအညီတွေရလား၊ ဘယ်လို အခြေအနေရှိလဲ။
ဖြေ။ ။ တနင်္သာရီတိုင်းမှာ ကျနော်တို့ သိထားသလောက်ဆိုရင် နိုင်ငံတကာကကူညီတဲ့ ကူညီထောက်ပံ့မှုတွေ မရှိဘူးလို့ ပြောရမယ်။ နိုင်ငံတကာအကူညီတွေ တနင်္သာရီတိုင်းကို မဝင်ပါဘူး။ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေ ကနေပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချိတ်ဆက်ပြီး အကူညီတောင်းလို့ရလာတဲ့ အထောက်အပံ့ အနည်းငယ် တော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ စာရင်းတိတိကျကျမရှိပါဘူး။

နိုင်ငံတကာအကူအညီရတယ်ဆိုတဲ့ အထောက်အထားတွေလည်း ကျနော်တို့မှာ မရှိပါဘူး။ အများစုကတော့ ဒေသခံတွေဆီကနေပြီးတော့ အကူညီတွေ တောင်းခံပြီး အလှူငွေနဲ့ရပ်တည်တယ်။ နိုင်ငံပြင်ပမှာရှိနေတဲ့ သူတွေဆီမှာ အကူညီတောင်းပြီးရရှိလာတဲ့ အလှူငွေတွေနဲ့ပြန်ပြီးတော့ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာမျိုးကိုဘဲ တွေ့မိပါတယ်။

မေး။ ။ အခု စစ်ရှောင်တွေ အများစုရှိတဲ့ မြို့နယ်တွေကိုလည်း ပြောပေးပါ။
ဖြေ။ ။ တနင်္သာရီတိုင်းရဲ့ စစ်ဘေးရှောင်တွေကို ကြည့်တဲ့အချိန်မှာ တနင်္သာရီတိုင်းက တခြားသော ဒေသတွေလို အမြဲတမ်း စစ်ဘေးရှောင်စခန်းက ပုလောနဲ့ တနင်္သာရီမြို့နယ်တွေမှာပဲ စခန်းနှစ်ခုသုံးခုရှိတယ်။ ကျန်တဲ့ဒေသ တွေမှာ အမြဲတမ်း စစ်ဘေးရှောင်စခန်းမရှိဘူး။ စစ်ဘေးရှောင်တွေ အများစုကလည်း တိုက်ပွဲဖြစ်လာပြီး ရွာထဲကို စစ်ကြောင်းဝင်လာပြီးဆိုရင် နီးစပ်ရာ တော၊ တောင်၊ ဥယျာဉ် ခြံမြေတွေထဲမှာ သွားပြီးတော့ တိမ်းရှောင်နေကြ ရတယ်။ ပြီးတော့ စစ်ကြောင်းပြန်ထွက်သွားပြီး တိုက်ပွဲငြိမ်သက်သွားပြီးဆိုလို့ရှိရင် ကိုယ့်ဒေသကိုပြန်ပြီး နေထိုင် နေကြတာမျိုးရှိတယ်။

အဲ့ဒီအခါကျတော့ တနင်္သာရီတိုင်းရဲ့ စစ်ဘေးရှောင်တွေက တခြားဒေသတွေနဲ့ မတူဘူး။ သူတို့ကနေရာအနှံ့မှာ ပြန့်ကျဲနေတယ်။ အဲ့ဒီအတွက်လည်း ကူညီထောက်ပံ့မှုတွေပေးတဲ့ နေရာမှာ အခက်အခဲတွေ အများကြီးရှိလာ တယ်။ စစ်ဘေးရှောင် ကူညီသူတွေရဲ့ ပြောကြားချက်အရဆိုလို့ရှိရင် စစ်ဘေးရှောင်တွေက နေရာအနှံ့မှာ ပျံ့နေတဲ့ အတွက် သူတို့လက်လှမ်းမမှီတဲ့ နေရာတွေမှာလည်း စစ်ဘေးရှောင်တွေ ရှိနေတယ်။

နောက်ပြီးတော့ စစ်ဘေးရှောင်တွေကလည်း အတည်တကျမရှိတဲ့ အခါကျတော့ ကူညီရတာ အရမ်းခက်ခဲတယ်။ အဲ့လိုပဲ စစ်ဘေးရှောင်တွေဘက်ကလည်း ဘာဖြစ်လည်းဆိုတော့ အဆင်ပြေသလို နေနေကြရတာဖြစ်တဲ့အတွက် သူတို့မှာစားနပ်ရိက္ခာပြတ်လပ်သွားတာ အနွေးထည်တို့ ဆေးဝါးတို့အမိုးအကာတို့ လိုအပ်တာ။ လိုအပ်တဲ့အချိန်မှာ အကူအညီရဖို့ ခက်ခဲတာစသဖြင့် ကြုံတွေ့နေရတယ်ဆိုတာကို ကျနော်တို့တွေ့ရပါတယ်။

မေး ။ ။ စစ်ရှောင်တွေ အများစုက ကလေးတွေလား၊ သက်ကြီးရွယ်အိုတွေလား။ ဆိုလိုတာ ဘယ်လို လူတွေများ လဲ။
ဖြေ။ ။ တနင်္သာရီတိုင်းမှာရှိတဲ့သူတွေ အများစုက သက်ကြီးရွယ်အိုနဲ့ ကလေးတွေက ပိုများပါတယ်။ သို့သော် ကိန်းဂဏန်းအတိအကျနဲ့ ပြုစုထားတာမရှိတဲ့အတွက်ကြောင့် ပြောဖို့ခက်ပါတယ်။ ဘာကြောင့် စစ်ဘေးရှောင် နေသူတွေက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေများလည်းဆိုတော့ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်လူရွယ်တွေ အများစုသည် တော်လှန်ရေး အဖွဲ့ထဲရောက်နေတာရှိတယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ်ကိုင်နေတာတွေရှိတယ်။ ဆိုတော့ ဒေသအတွင်းမှာက လူငယ်လူရွယ်တွေရှားပါးတယ်။ အဲ့လိုရှားပါး လာတဲ့အခါမှာ အများစုက သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အရွယ်တွေကျန်ခဲ့ပါတယ်။

မေး။ ။ အခု ဒေသတွင်း စစ်ရေး အခြေအနေနဲ့ စစ်ရှောင်ရမယ့် အခြေအနေတွေ ထပ်တိုးလာမလား။
ဖြေ။ ။ အခုနှစ်က စစ်ဘေးရှောင်ကူညီမယ့် အဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲတွေ အများဆုံးကြုံရမယ့် နှစ်လို့ စစ်ဘေးရှောင်ကူညီတဲ့ အဖွဲ့အစည်းတော်တော်များများက ပြောထားတာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ဘေးရှောင်တွေအတွက် အကူအညီအများစုသည် ဒေသအတွင်းမှာရှိတဲ့ ပြည်သူတွေကတစ်ဆင့် ပြန်ပြီးတော့ အလှူခံပြီးတော့ သွားနေတာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ကြပ်တည်းလာတဲ့ အခြေအနေရှိတဲ့အတွက် အလှူခံရရှိဖို့ လျော့နည်းလာတယ်။ နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေးပေါ့ တိုက်ပွဲတွေဖြစ်လာတာနဲ့အမျှ လမ်းပန်း ဆက်သွယ်ရေးတွေ ခက်ခဲလာတယ်။

စစ်ကောင်စီဘက်ကနေပြီးတော့ ရိက္ခာသယ်ယူခွင့်ကန့်သက်တဲ့ ဒေသတွေလည်းရှိတယ်။ သယ်ယူပို့ ဆောင်ခွင့်ခက်ခဲတာ စသဖြင့်ကြုံတွေ့လာရတာရှိတယ်။ အဲ့တော့ ၂၀၂၅ ခုနှစ်က စစ်ရေးအခြေ အနေ ပိုပြီးတင်းမာလာမဲ့ သဘောမှာရှိတဲ့အတွက် စစ်ဘေးရှောင်တွေပိုပြီးများလာမှာ ဖြစ်သလိုတဖက်က စစ်ဘေးရှောင် ထောက်ပံ့နေတဲ့ အထောက်အပံ့တွေကလည်း အလှူငွေကျဆင်းလာတာကြောင့် အခက်အခဲတွေရှိနေပါတယ်။ အခု ၂၀၂၅ ခုနှစ်မှာတော့ စစ်ဘေးရှောင်တွေအတွက် ပိုပြီးခက်ခဲမယ့်နှစ်လို့ ခန့်မှန်းရမိပါတယ်။