ဇန်နဝါရီ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မူတြော်(ဖာပွန်)ခရိုင် ၊ လူသောမြို့နယ်၊ (ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်) ကမမောင်း-ကတိုင်တိ အခြေစိုက် ဗိုလ်လှကြိုင် ဦးဆောင်သည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၃) တပ်ရင်းတစ်ရင်းလုံး ကရင် အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNU/KNLA နှင့် လာရောက်ပူး ပေါင်းခြင်းမရှိဘဲ စခန်းနေရာရွှေ့ပြောင်းခြင်းသာဖြစ်ကြောင်း KNLA တပ်မဟာ(၅)ဘက်က ပြောသည်။
ကတိုင်တိအခြေစိုက် စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းကုန်းကို KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်လျက်ရှိသည့် ဒီဇင်ဘာလကုန်ပိုင်းက ဗိုလ်လှကြိုင်ဦးဆောင်သည့် BGF-၁၀၁၃ တပ်ရင်းတစ်ရင်းလုံး KNU/KNLA ထံပူးပေါင်း၍ တပ်ဖွဲ့ဝင်အချို့ တော်လှန်ရေးတပ်ဖွဲ့နှင့်အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်လျက်ရှိသည့် သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။
သို့ရာတွင် BGF ၁၀၁၃ တပ်ရင်းမှာ ၎င်းတို့မူလစခန်းနေရာ ကတိုင်တိမှစခန်းရွှေ့ပြောင်းနေထိုင်ကြခြင်း သာဖြစ်ပြီး KNU ထံလာရောက်ပူးပေါင်းခြင်းမရှိသလိုKNLA နှင့်ပူးတွဲတိုက်ခိုက်ခြင်းလည်းမရှိကြောင်း တပ်မဟာ(၅)ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
၎င်းက “လှကြိုင်အဖွဲ့က KNLA တပ်မဟာ(၅)နဲ့လာပေါင်းတာမဟုတ်ဘူး။ သူတို့က ကတိုင်တိနဲ့ ဘောကျို့လယ်ကထွက်သွားပြီး KNLA တပ်မဟာ(၁)ဘက်ကို ဆင်းသွားတာ။ ပြီးတော့ အောက်ဘက်က ပြန်လှည့်ပြီး ပွယ်ထ/နိုထဘက်မှာ နေရာပြန်ယူတယ်။ ရှေ့ဆက်ဘယ်လိုဆက်လုပ်မယ်တော့ မသိရသေးဘူး” ဟု ပြောသည်။
ကတိုင်တိစစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်မှု၊ BGF တပ်ရင်းတစ်ရင်းလုံး စခန်းနေရာ ရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တပ်မဟာ(၅)၊ မူတြော်ခရိုင်၊ နိုဖောထီး ကျေးရွာရှိ ကရင်နှစ်သစ်ကူးကျင်းပရာနေရာများ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်ဟုလည်း ဒေသခံအချို့သုံးသပ်ပြောဆိုကြသည်။
တပ်ပြောင်းရွှေ့မှုနှင့်ပတ်သက်၍ BGF ခေါင်းဆောင်တစ်ဦးက ” အဓိကကတော့ အချင်းချင်းပဋိပက္ခ နဲ့ ပွတ်တိုက်မှု မဖြစ်အောင် အဲဒီနေရာကနေရှောင်ခိုင်းလိုက်တာပါ။ အခုဟိုဖက်(KNLA)က လူတွေအဲဒီမှာ အလုပ်လုပ်နေတဲ့အတွက် တဖက်လူအနှောင့်အယှက်မဖြစ်အောင် တပ်ပြောင်းခိုင်းတာပဲဖြစ်တယ်။ တခြားကိစ္စတော့မရှိဘူး။ အခုသူတို့ကို နို့ထနဲ့အုန်းတောမှာ နေရာပြန်ချခိုင်ထားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
တပ်မဟာ(၅)နယ်မြေတွင် ဗိုလ်လှကြိုင်ဦးဆောင်သော BGF ၁၀၁၃ တပ်ရင်းနှင့် ဗိုလ်မောင်ချစ် ဦးဆောင်သော BGF ၁၀၁၄ တပ်ရင်း နှစ်ခုရှိသည်။ ယခင်ကစစ်ကောင်စီနှင့်ပူးပေါင်း၍ လမ်းပြလုပ် ဆောင်ခြင်း၊ စစ်ကောင်စီသို့စစ်မှုထမ်းရန် လူအင်အားစုဆောင်းဆော်ဩပေးခြင်းတို့ လုပ်ဆောင်မှုရှိသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
လက်ရှိ KNLA မဟာမိတ်ပူးပေါင်းတပ်နှင့် ကတိုင်တိစခန်းရှိစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားနေကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့က သတင်းဖြန့်ဝေလျက်ရှိသည်။ သို့သော် ကေအိုင်စီအနေဖြင့်မူ တပ်မဟာ(၅)ဘက်သို့ အတည်ပြုရန် လုပ်ဆောင်နေဆဲဖြစ်သည်။



















