Home သတင်း ပုလော စစ်ဘက်ရေးရာ လုံခြုံရေး-စရဖရုံးကို PDF ဝင်စီးပြီး မီးရှို့

ပုလော စစ်ဘက်ရေးရာ လုံခြုံရေး-စရဖရုံးကို PDF ဝင်စီးပြီး မီးရှို့

877
Photo: PDF Myeik District Battalion 1 - P23401

ဇန်နဝါရီ ၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ပေါ်ရှိ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဇန်နဝါရီ ၆ ရက်၊ ယမန်နေ့ည ၁၁ နာရီ အချိန်ခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး လိုက်သည်ဟု ပြန်ကြားရေးတာဝန်ခံက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ထောက်လှမ်းရေးရုံးဟု လူသိများသည့် စရဖ ရုံးသည် ပုလောမြို့ပေါ် အမှတ် -၂ ရပ်ကွက်အတွင်း တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယခုလို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့မှုအခြေအနေနှင့် ပတ်သက်၍ PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ယခုလို ပြောသည်။

“ကျနော်တို့ဝင်စီးနင်းမှုမလုပ်ခင် RPG နဲ့အရင်ဆုံးပစ်တယ်။ ပြီးတော့ စပြီးဝင်ရောက်စီးနင်းဖို့ လုပ်တဲ့ အချိန်မှာ သူတို့ဘက်ကသေနတ် ၆ ချက်လောက်‌ဖောက်ပြီးတော့ ထွက်ပြေးသွားတဲ့အတွက်ကြောင့် သေဆုံးခဲ့သူတော့ မရှိ ခဲ့ဘူး”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

Photo: PDF Myeik District Battalion 1 – P23401

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက အဆိုပါ ပုလောမြို့ရှိ စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဝန်ထမ်းအိမ်ရာ အနီးရှိ မြန်မာ့ စီးပွားရေးဘဏ်များကို ဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ယခု စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးသို့ ဝင်ရောက်တိုက်ခိုက်ခြင်းသည် ပထမ ဆုံးအကြိမ်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယခုလို စစ်ကောင်စီ၏ ပုလော စစ်ထောက်လှမ်းရေးရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး နောက် ရုံးတွင်းမှ သေနတ်ကျည်ဘောက်(၂)ခု၊ ကျည်တောင့်(၁၀၀)နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရ မိခဲ့ပြီးနောက် မီးရှို့ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။