ဇန်နဝါရီ ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာ၌ နတ်ပွဲအကြောင်းပြကာ ပြုလုပ်နေသည့် လောင်း ကစားဝိုင်းတစ်ခုကို ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းချိန်ဝင်ရောက်စီးနင်းခဲ့ရာ ငွေကျပ် သိန်း ၂၄၀ ကျော်နှင့် ဒဏ်ကြေးငွေ သိန်း ၂၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟု လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် ပြောသည်။
ထို့အပြင် လောင်းကစားပြုလုပ်နေသူ ၈၀ ဦးခန့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ အသက်အရွယ်ပေါ်မှုတည်၍ တစ်ဦးလျင် ကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ အတွင်း ဒဏ်ငွေဆောင်ခိုင်းခြင်းနှင့် အသက်မပြည့်သူများကို ခံဝန်ကတိဖြင့် ပြန်လွှတ် ပေးခဲ့သည်ဟု လောင်းလုံး PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ယခုလို ပြောသည်။
“လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေချည်းပဲ အများဆုံးပါတယ်။ ဖမ်းလာတာမဟုတ်ဘူး တခါတည်း အဲဒီမှာပဲ ဒဏ်ငွေ ရိုက်ပြီး ခံဝန်ကတိလက်မှတ်ထိုး ပြန်လွှတ်ပေးခဲ့ပါတယ်။ အဓိက က ဖဲဝိုင်းတွေပေါ့နော်။ ကျန်တာတော့ အံကလုံ ကစားဝိုင်း အမျိုးမျိုးပါတယ်။ ဒဏ်ကြေးရရှိငွေက သိန်း ၂၀ကျော်ပါ။ ကျန်တာ လောင်းကစားငွေတွေ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကစားဝိုင်းနေရာသို့ လာရောက်သူများအားလုံးကို ဖမ်းဆီးမှုမျိုး လုပ်ဆောင်ခြင်းမပြုဘဲ နောက်နောင် တွင် ယခုလို လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ ပါ၀င်ကစားခြင်းများမပြုလုပ်ရန်နှင့် ဆက်ပြုလုပ်နေမည် ဆိုပါက ပြင်းထန်းစွာ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ သတိပေးပြောဆိုသည်၊၊
အဆိုပါ လောင်းကစားဝိုင်းမှ သိမ်းဆည်းရရှိခဲ့သည့် သိန်းချီသော ငွေများအားလုံးကို တော်လှန်ရေးလုပ်ငန်းစဥ် များအတွက် ပြန်လည်အသုံးချမည်ဟု လောင်းလုံး PDF က ပြောသည်။
ထားဝယ်မြို့နယ်၊ အရှေ့ပိုင်း ဒေသ၊ တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့် နယ်မြေများရှိ ကျေးရွာအများစုတွင် ယခုနောက်ပိုင်း နတ်ပွဲ အကြောင်းပြပြီး လောင်းကစားဝိုင်းများ အကျယ်တဝင့် လုပ်ဆောင်နေမှု ပိုမိုများပြား လာသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။



















