Home သတင်း မြိတ်ခရိုင် ပြည်ထောင်စုလမ်းမကြီးပေါ် ခရီးသွားလာခွင့် PDF တားမြစ်

မြိတ်ခရိုင် ပြည်ထောင်စုလမ်းမကြီးပေါ် ခရီးသွားလာခွင့် PDF တားမြစ်

545
Photo: SOF

ဇန်နဝါရီ ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီနှင့် မြိတ်မြို့နယ်၏ အဓိကလမ်းပိုင်းဖြစ်သည့် ပြည်ထောင်စု လမ်းမကြီးပေါ် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သည့်အတွက် အများပြည်သူ ခရီးသွားလာခွင့်ကို တားမြစ် လိုက်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ ၃၅ က ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

လက်ရှိ မြိတ်ခရိုင်၊ တနင်္သာရီနှင့် မြိတ်မြို့နယ်တို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေး အလွန်တင်းမာနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ လက်ရှိ စစ်ကောင်စီက တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မြို့သို့ စစ်ကြောင်းထိုးလာရာ သိန်းခွန်ကျေးရွာအနီး၌ တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲ ပြင်းထန်လျက်ရှိသည်ဟု ဗျူဟာ-၃၅ နယ်မြေတာတန်ခံ ရဲဘော်ကျော်ထင်အောင်က ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် အဆိုပါ ပြည်ထောင်စုလမ်းမကြီးပေါ် ခရီးသွားပြည်သူများ၏ ကားများကို အသုံးပြုသွားလာမှုနှင့် ခရီးသွားပြည်သူများကို အကာအကွယ်ယူ သွားလာကာ စစ်ရေးအကျိုးအမြတ် ရရှိအောင် လုပ်ဆောင်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

ထို့ကြောင့် မြိတ်ခရိုင် ပြည်ထောင်စု လမ်းမကြီးပေါ် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်ပြီး အများပြည်သူ လုံခြုံရေးအတွက် ယခုလို လမ်းမကြီးပေါ် ခရီးသွားလာခွင့်ကို တားမြစ်လိုက်ခြင်းဖြစ်သည်ဟု မြိတ်ခရိုင် PDF က ပြောသည်။

ထိုလမ်းပိုင် ပြန်အသုံးခွင့်ပြုမည့် အချိန်ကိုလည်း ပြန်လည်အသိပေးသွားမည်ဟု မြိတ်ခရိုင် PDF က ထုတ်ပြန် ချက်၌ ဖော်ပြထားကြောင်း သိရသည်။
တနင်္သာရီမြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်းရှိ နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာများမှ ဒေသခံစုစုပေါင်း ၅,၀၀၀ ကျော်အထိရှိလာပြီး စားနပ်ရိက္ခာများအရေးပေါ် လိုအပ်နေသည်ဟု မြေပြင်စစ်ဘေးရှောင် အနီးကပ်ကူညီနေသူများထံမှ သိရသည်။