ဇန်နဝါရီ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အတားအဆီးမဲ့ ဝင်ရောက်ခွင့်ပြုရန် မြန်မာစစ် တပ်နှင့် နိုင်ငံတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံတကာအစိုးရများက ပူးတွဲကြေညာ ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU)အပါအဝင် ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကို ရီးယား သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမော-လက်စ်နှင့် ဗြိတိန်စသည့် နိုင်ငံများက ဇန်နဝါရီလ ၆ ရက်နေ့စွဲဖြင့် ပူးတွဲ၍ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးအနေဖြင့် ပဋိပက္ခကို လျှော့ချပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများ၊ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများကို လေးစားလိုက် နာပြီး အရပ်သားပြည်သူများအား အကာအကွယ်ပေးရန်နှင့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ တိုင်းရင်းသားများနှင့် လူနည်းစုများအပါအဝင် လိုအပ်နေသည့် ပြည်သူအားလုံးအတွက် ဘေးကင်းပြီး အတားအဆီးမဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များ အပြည့်အဝ ဝင်ရောက် ခွင့်ကို ခွင့်ပြုရန် တိုက်တွန်းထားခြင်းဖြစ်သည်။
ထို့အပြင် မြန်မာစစ်တပ်၏ ပိတ်ပင်မှုများကြောင့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးဝါးလာပြီး စစ်တပ်၏ မြန်မာပြည်သူများအပေါ် ဆက်လက်ပြီး ရက် စက်စွာဖိနှိပ်နေမှုများအပေါ် လက်မခံနိုင်ကြောင်းလည်း အဆိုပါနိုင်ငံများက ဆိုသည်။
နိုင်ငံတစ်ဝှမ်းဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် လူပေါင်း ၃ ဒသမ ၅ (၃.၅)သန်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအနက် အချို့မှာ တိုင်းပြည်မှ ထွက်ခွာသွားကြပြီး လူပေါင်း ၁၅ သန်းခန့်မှာ စားနပ် ရိက္ခာ မလုံလောက်မှု ရင်ဆိုင်နေရကြောင်း ၎င်းထုတ်ပြန်ချက်ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် ကာလဝမ်းရောဂါအပါအဝင် ရောဂါဖြစ်ပွားမှုများ မြင့်တက်နေချိန် ဆေးဝါးဆိုင်ရာ အကူအညီများလည်း ပေးပို့မှုအပေါ် ဟန့်တားမှုများရှိနေသည်ဟုလည်း ထိုနိုင်ငံများက ပြောဆိုသည်။
ဆက်လက်၍ စစ်တပ်၏ အရပ်သားများအပေါ် ခွဲခြားမှုမရှိ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ် ရာရမှုများ၊ လိင်အခြေပြုအကြမ်းဖက်မှု နှင့် နေအိမ်မီးရှို့ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အတင်းအကြပ် စစ်သားစုဆောင်မှုများအပြင် လက်နက်ကိုင်အဖွဲ့အမျိးမျိုး၏ လူသားချင်းစာနာမှုဆိုင်ရာကန့် သတ်ချက်များစသည့် လူ့အခွင့်ရေး ချိုးဖောက်မှုနှင့် အလွဲသုံးစားလုပ်မှုများ ပါဝင်သည့် ယုံကြည်ရ လောက်သော အစီရင်ခံစာများ ရရှိထားသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခပြင်းထန်လာမှုနှင့် ရိုဟင်ဂျာများအပါအဝင် လူမှုအဖွဲ့အစည်း အားလုံး ခံစားနေရသည့် ဒုက္ခများအပေါ် အလေးအနက် စိုးရိမ်ကြောင်းနှင့် ရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် ခွဲခြား ဆက်ဆံမှုနှင့် ရက်စက်ကြမ်းကြုတ်သည့် ဆက်ဆံမှုများအား ကိုင်တွယ်ဖြေရှင်းရာတွင်လည်း မြန်မာ့ နိုင်ငံရေး အကြပ်အတည်း ဖြေရှင်းချက်၏ တစိတ်တပိုင်းဖြစ်ရမည်ဖြစ်ကြောင်းလည်း ထိုနိုင်ငံအစိုးရများက ဆိုသည်။
အလားတူ မြန်မာပြည်တွင်း အကြမ်ဖက်မှု ပုံစံအားလုံးကို ချက်ချင်းအဆုံးသတ်ရန်၊ ကန့်သတ်ချုပ် ခြယ်မှုများ၊ တင်းမာမှုများကို လျှော့ချရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများ အားလုံးကို လွတ်ပေးရေးစသည့် တောင်းဆိုချက်များပါဝင်သော ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC)၏ ဆုံးဖြတ်ချက်ဆိုင်ရာကို အကောင်အထည်ဖော်ရန်လည်း နိုင်ငံတကာအစိုးရများက တိုက် တွန်းထားသည်။



















