Home သတင်း ဖားအံမြို့ ကားဝပ်ရှော့ပ်၌ လုပ်ကိုင်နေသူ လူငယ်တစ်ဦး ပျောက်ဆုံးနေ

ဖားအံမြို့ ကားဝပ်ရှော့ပ်၌ လုပ်ကိုင်နေသူ လူငယ်တစ်ဦး ပျောက်ဆုံးနေ

493

ဇန်နဝါရီ ၈ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့၊ လှာကမြင်ကွက်သစ် ဖေါ့ပိုင်ကားဝပ်ရှော့ပ်၌ လုပ်ကိုင်နေသူ အသက် ၁၇ အရွယ် လူငယ်တစ်ဦးသည် တန်ဆောင်မုန်းလပြည့်ညက ဆိုင်မှထွက်သွားပြီး ပျောက်ဆုံးနေကာ ယခုနှစ်လခန့်ကြာချိန်ထိ အဆက်အသွယ်မရ ဖြစ်နေသည်ဟု ဆွေးမျိုးဖြစ်သူက ပြောသည်။

ထိုသို့ အဆက်အသွယ်မရ ပျောက်ဆုံးနေသူ လူငယ်မှာ စောမင်းသူဖြစ်ပြီး လှိုင်းဘွဲမြို့နယ် ကမော့ကချူကျေးရွာ အုပ်စု၊ ဖာပွန်ကျေးရွာမှ ဖားအံမြို့ ကားဝပ်ရှော့ပ်သို့ လာရောက်အလုပ်လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သည်။ ယခုလို အဆက်အသွယ်မရ ပျောက်ဆုံးနေသည့် အခြေအနေနှင့် ပတ်သက်၍ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

၎င်းက “ပျောက်ပြီး သူအလုပ်လုပ်တဲ့ဆိုင်မှာ ညပိုင်းအင်္ကျီ ပြန်လာယူသေးတယ်။ မိန်းကလေးနှစ်ယောက် သူနောက် ပါတာကို ဆိုင်ကလူတွေ တွေ့သေးတယ်။ သူ့ဖုန်းကိုဆက်တော့ ကောင်မလေး တစ်ယောက် ဖုန်းကိုင် တယ်။ သူကို ခေါ်ထားတယ်၊ ဘယ်နေရာမှာခေါ်ထားလဲ မေးတော့ မဖြေဘူး။ အဲဒီဖုန်းနံပါတ်ကိုပြန်ခေါ်တော့ အမျိုးသားတစ်ဦး ကိုင်တယ်၊ အဲဒီကိစ္စ သူ့မိန်းမကိုပဲမေးတဲ့။ နောက်ပိုင်းပြန်ဆက်သွယ်တော့ ကလေးက အသုံးမကျဘူး နို့တခွီး ကျေးရွာ စစ်သားရုံးမှာ သွားပို့လိုက်ပြီး။ စစ်သားသွားလုပ်ပြီးတဲ့ အဲဒီရုံးက ဘယ်လက်နက် ကိုင်အဖွဲ့ရုံးလဲတော့ မသိဘူး” ဟု ပြောသည်။

အဆက်အသွယ်မရ ပျောက်ဆုံးနေသူ အသက်မပြည့်သေးသည့် လူငယ်လေး၏ မိဘများသည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေပြီး အဖွားဖြစ်သူနှင့် နေထိုင်လျက်ရှိသည်။ သူကျောင်းမတက်တော့သည့်အတွက် ယခုလို ဖားအံမြို့ ကားဝပ်ရှော့ပ်၌ သွားရောက်အလုပ်လုပ်ကိုင်နေသည်မှာ ၆ လခန့်ရှိပြီး ဖြစ်သည်။

ထိုသို့ မပျောက်ဆုံးမီ စောမင်းသူသည် ကားဝပ်ရှော့ပ်ဆိုင် အနီးရှိနေအိမ်များသို့ မကြာခဏ သွားရောက်လည်ပတ် လေ့ရှိကြောင်း အဆက်အသွယ်ပြတ်သွားစဉ်က ဆွေမျိုးများက သူ့အား မိန်းမယူသွားသည်ဟု ထင်မြင်နေကာ မိဘ များက စိတ်ဆိုးနေသေးကြောင်း ဆွေးမျိုးတစ်ဦးက ယခုလို ဆက်ပြောသည်။

“အဲဒီအိမ်တွေက BGF လား၊ DKBA လား၊ PCလားတော့ မသိဘူး။ လူငယ်စစ်သားတွေ ရှိတော့ စိတ်ပါသွားပြီး လိုက်သွားတာ လားမသိဘူး။ ပျောက်တဲ့အချိန်က မိန်းမနောက်လိုက်တယ်ထင်ပြီး မိဘတွေက စိတ်တိုသေးတယ်။ ဒါပေမယ့် သူ့ကိုခေါ်သွားတဲ့ အမျိုးသမီးပြောတဲ့ စကားတွေက ပုံမှန်မဟုတ်တော့ စိုးရိမ်လာတယ်။ ဖုန်းဆက်တဲ့ ကောင်မလေးက ဘယ်ရွာမှာနေလဲမေးတော့ မဖြေဘူး။ ကရင်အချင်းချင်းပဲ ဒီလိုလုပ်တာတော့ အံ့ဩတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဒီဇင်ဘာလကုန်ပိုင်းတွင် မြိုင်ကြီးငူမှ ဖားအံသို့ ဆေးလာကုသူ လူငယ်အမျိုးသမီး တစ်ဦး ဖားအံကမ်းနား ဈေးတန်းသွားချိန် ပျောက်ဆုံးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများထံမှ သိရသည်။