Home သတင်း ဖားအံတွင် သူငယ်ချင်း အချင်းချင်းစကားများရာမှ လူသတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး

ဖားအံတွင် သူငယ်ချင်း အချင်းချင်းစကားများရာမှ လူသတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး

698
Photo: Internet

ဇန်နဝါရီလ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ရွှေယဥ်မျှော်ဘုရား၏ အနောက်ဘက်ခြမ်းရှိ လေသာကျောင်းဘက်တွင် ဇန်နဝါရီ ၂၂ ရက်နေ့ သူငယ်ချင်း ၆ ဦး အချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးသွားခဲ့ သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသွားသူသည် ဦးအောင်ကိုကို (၄၃)နှစ် ဖြစ်ပြီး ကျပန်းအလုပ် လုပ်ကိုင်နေသူဖြစ် သည်ဟု သိရသည်။ သူသည် ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းတွင် မိတ်ဆွေ ၅ ဦး နှင့်အတူ အရက်သောက် သုံးနေစဉ် အပြန်အလှန် စကားများပြီးနောက် အသတ်ခံရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ရွှေယဥ်မျှော်ဘုရားရဲ့ အိမ်သာဘက်ခြမ်းမှာ အရက်ဝိုင်းသောက်ကြတယ်။ သူတို့အချင်းချင်း အစ်မတွေ ညီမတွေ အကြောင်း ဝိုင်းစကြတော့ စကားများကြတယ်။ ဘုရားရဲ့ အိမ်သာအောက်နား သံလွင် မြစ်ဘေးရှိ သောင်ထွန်းတဲ့ နေရာရဲ့ အောက်မှာ ရိုက်သတ်ကြတာ။ ရိုက်ပြီးတော့ ထွက်ပြေးကြတယ်” ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။

ပြစ်မှုကျူးလွန်သူ ၅ ဦးကို အမှုဖြစ်ပွားသည့် နေ့တွင် ၃ ဦး ဖမ်းဆီးရမိခဲ့ပြီး မြိုင်ကလေးဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသူ ၂ ဦးထဲက တစ်ဦးကို ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထပ်မံဖမ်းမိပြီး ကျန် တစ်ဦးမှာမူ လွတ်မြောက် နေဆဲ ဖြစ်သည်။

အဆိုပါ သေဆုံးသူမှာ ခန္ဓာကိုယ်ပေါ်၌ ကြိုးဖြင့်တုတ်နှောင်ချည်ထားပြီးမှ ရိုက်သတ်ခံရကြောင်း၊ ၎င်း၏ အဆုတ် နေရာ၌ ပေါက်ပြဲဒဏ်ရာနှင့် နံရိုးများကလည်း ကျိုးနေသဖွယ် ဒဏ်ရာများ ရရှိပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု အခြေအနေကို သိရှိသည့် မြို့ခံမျာက ပြောသည်။

ဖားအံမြို့အတွင်း ယခုတလော မြို့ပြင် သာမက မြို့လယ်ခေါင်နေရာများတွင် ဒေသခံများလမ်းသွားလာရင်းဖြင့် ပစ္စည်းလုယက်ခံရခြင်းနှင့် ဆိုင်ကယ်အခိုးခံရခြင်းများ အဖြစ်များလာသည့်အပြင် ယခုလို လူသတ်မှုဖြစ်စဥ်များပါ ဖြစ်ပွားမှု ရှိလာသည့်အပေါ် မြို့ခံများစိုရိမ်မှုများနှင့် သွားလာနေထိုင်ရသည်ဟု သိရသည်။