Home သတင်း ဒိုက်ဦးအကျဥ်းထောင်၌ လုံလောက်စွာ ဆေးကုသခွင့် မရ၍ နိုင်ကျဥ်း တစ်ဦးသေဆုံး

ဒိုက်ဦးအကျဥ်းထောင်၌ လုံလောက်စွာ ဆေးကုသခွင့် မရ၍ နိုင်ကျဥ်း တစ်ဦးသေဆုံး

678
Photo: PPNM / Social Media

ဇန်နဝါရီ ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးအကျဥ်းထောင်၌ ဆေးကုသမှု လုံလောက်စွာမရ၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ဇန်နဝါရီ ၁၂ ရက် နေ့တွင် သတင်းထုတ်ပြန်သည်။

PPNM ၏ ထုတ်ပြန်ချက်အရ ဒိုက်ဦးအကျဥ်းထောင်တွင် ပုဒ်မ ၅၁ (ဂ)၊ ပုဒ်မ ၅၁ (ခ) များဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူ အသက် ၃၀ နှစ်ကျော်အရွယ် နိုင်ငံရေးအကျဥ်းသား မျိုးမင်းဦးသည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အကျဥ်းထောင်အတွင်း ဖမ်းဆီးခံထားရစဥ် အဆိုပါ နိုင်ငံရေးအကျဥ်းသားသည် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဆီးကျောက်ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရချိန်၌ ထောင်တွင်းဆရာဝန်အင်အားနှင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ မပေးခဲ့သောကြောင့် ထောင်အပြင်ဘက်သို့ ပို့ဆောင်ကုသခဲ့ရပြီး ကုသမှုခံယူ နေစဥ်အတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

”အကျဥ်းထောင်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိတာရယ် လုံလောက်စွာ ကုပေးနိုင်တဲ့ ဆေးဝါးမရှိတာရယ်။ ဒါတွေကြောင့် သူ့ရောဂါတွေကို ဆိုးရွားလာစေတယ်။ ကုသဖို့ မလွယ်လောက်တော့တဲ့ အချိန်ကျမှ ပြင်ပဆေးရုံ ပို့ဆောင်ခဲ့တာကို တွေ့ရတယ်။ ပြင်ပဆေးရုံရောက်တဲ့အခါမှာ အသက်အရမ်း မမီတော့ဘဲနဲ့ တစ်ပတ်အတွင်း သေဆုံးခဲ့ရတယ်” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကေအိုင်စီသို့ ပြောသည်။

Photo: PPNM / Social Media

ဆက်လက်၍ PPNM အနေဖြင့် အကျဥ်းသားများအတွက် မိသားစုဝင်များ ပေးပို့သည့် ဆေးဝါးများကို လက်ခံ ပေးရန်အပြင် လုံလောက်သော ထောင်တွင်း ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ထားရှိပေးရန် တောင်းဆိုတိုက်တွန်းခဲ့သော်လည်း အကျဥ်းဦးစီးဌာနများမှ အပြုသဘောဆောင်ခြင်း မရှိသောကြောင့် ယခုလို အကျဥ်းသားသေဆုံးမှုများ ရှိနေရခြင်း ဖြစ်သည်ဟု ၎င်းဦးဆောင်ကော်မတီဝင်က ဖြည့်စွက်ပြောဆိုသည်။

ထို့ကြောင့် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရေး လူ့အခွင့်အရေး အဖွဲ့အစည်း များအနေဖြင့် အကျဉ်းထောင်များရှိ အကျဉ်းဦးစီးဝန်ထမ်းများကို စောင့်ကြည့်ပြီး လက်တွေ့ကျသော ကူညီမှုများ၊ ထိရောက်သည့် အရေးယူမှုများ၊ လူမှုရေးပြစ်ဒဏ်ပေးရေးများကို ထိရောက်စွာ ပြုလုပ်ပေးကြရန် PPNM က ထုတ်ပြန်ချက်၌ တိုက်တွန်းပြောဆိုထားသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း၌ နိုင်ငံတစ်ဝန်းတွင် ပြည်သူ ၂၈,၁၈၈ ဦး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁၀ ရက်နေ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။