Home သတင်း တာ့ခ်ခရိုင်တွင် မြန်မာ ၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံရပြီးနောက် စိုးရိမ်မှုမြင့်တက်လာ

တာ့ခ်ခရိုင်တွင် မြန်မာ ၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံရပြီးနောက် စိုးရိမ်မှုမြင့်တက်လာ

563
Photo: The Nation

ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း- မြန်မာ နယ်စပ် တာ့ခ်ခရိုင်၊ မဲရမတ်မြို့တွင် မြန်မာ ၂ ဦး ကာလဝမ်းရောဂါ ကူးစပ်ခံရပြီးနောက် ပြည်သူများကို ကျန်းမာ ရေးဆိုင်ရာ အသိပညာပေးရန် တာဝန်ရှိသူများက စေလွှတ်လိုက်သည်ဟု ဇန်နဝါရီ ၁၂ ရက်တွင် The Nation Thailand သတင်းဌာနက သတင်းဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် နယ်စပ်ဒေသ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့တွင် လူ ၂ ဦးသေဆုံးပြီး လူ ၃၀၀ ခန့် ကူးစက်ခံရ ပြီးနောက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း ကာလဝမ်းရောဂါ သတိပေးချက်ထုတ်ပြန်ထားသလို ကြိုတင်ကာကွယ်ရေးများ ထိုင်းအာဏာပိုင်များက လုပ်ဆောင်လျက်ရှိသည်။

ယခု ကာလဝမ်းရောဂါ ထပ်မံကူးစက်ခံရသူ ၂ ဦး သည် ဘန်းဝမ်ဖာကျေးရွာ စိုက်ပျိုးရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေသူ မြန်မာလူမျိုးများ အမျိုးသားများဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ခရီးသွားလာမှုများ ပြုလုပ်ခဲ့ဖူးသလို လူနာ ၂ ဦးစလုံးကို နယ်စပ်ရှိ Shoklo Malaria Research Unit (SMRU) တွင် ဆေးကုသပေးနေသည်ဟု သိရသည်။

အဆိုပါ ကာလဝမ်းရောဂါသည် များသောအားဖြင့် ညစ်ညမ်းသည့်ရေမှတဆင့် ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်လေ့ရှိသလို ရောဂါပိုးသည် ခန္ဓာကိုယ် အူသိမ်အတွင်းထိ ဝင်ရောက်သွားသည်ဟု သိရသည်။