Home သတင်း ထားဝယ်ရွှေ့ဂူတံတားဂိတ်နှင့်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းပိုက်၊ ၄ ဦး အရှင်ဖမ်းမိ

ထားဝယ်ရွှေ့ဂူတံတားဂိတ်နှင့်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းပိုက်၊ ၄ ဦး အရှင်ဖမ်းမိ

609
Photo: ဒူကရစစ်ကြောင်

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရှင်မုတ္ထီးကျေးရွာ၊ ရွှေဂူတံတားဂိတ်၌ အထိုင်ချထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၉ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဒေါင်းညီနောင်စစ်ကြောင်း ပြောခွင့်ရက အတည်ပြု ပြောသည်။

ရွှေဂူတံတားဂိတ်နှင့် စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက်မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးမနည်း သေဆုံးခဲ့သည်ဟု ဒေါင်းညီနောင်စစ်ကြောင်း၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဗလာက အတည်ပြု ပြောဆိုသည်။

“၂၉ ရက်နေ့ညနေပိုင်းမှာ စပြီးတော့တိုက်ခိုက်တာပါ။ ကျနော်တို့ဘက်က ရဲဘော်နှစ်ယောက်မစိုးရိမ်ရတဲ့ ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ စကစတွေကို ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာ မသိရသေးပါဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

၎င်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ငါးကြင်းမြီး(၁)လက်၊ MA-4 (၁)လက်၊ MA-3 (၃)လက်၊ MA-2 (၁)လက်၊ MA-1 (၄)လက်၊ (၆၀ကွန်မန်ဒို)စိန်ပြောင်း (၁)လက်၊ ၁၄ နင်းမိုင်း(၄)လုံး၊ လက်ပစ်ဗုံး (၄)လုံး၊ လိပ်ခုံး မိုင်း (၅)လုံး၊ လက်ကိုင်ဖုန်း (၈)လုံး တို့အပြင် စစ်အသုံးအဆောင် ပစ္စည်များလည်း သိမ်းဆည်းရရှိသည်ဟု သိရသည်။

စစ်ဆင်ရေးအတွင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် ဒူရကစစ်ကြောင်းမှဦးဆောင်ပြီး ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ် ဒရုန်းတပ်ခွဲ(FPF) နှင့်ဒေါင်းညီနောင် စစ်ကြောင်းတပ်ခွဲ(၁)တို့ စုစည်းညီညွတ်စွာ ပါဝင်တိုက်ခဲ့သည်ဟု အဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ရွှေ့ဂူတံတားဂိတ်နှင့် စစ်ကောင်စီစခန်းသည် ထားဝယ်မြို့မှ ၅ မိုင်အကွာတွင် တည်ရှိသည့် စခန်း တစ်ခု ဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ ညပိုင်းတွင်လည်း ထားဝယ်မြို့အဝင်ရှိ ကမြောကင်းတံတား စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးထက် မနည်းသေဆုံးခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြောဆိုထားသည်။