Home သတင်း ကော့ကရိတ် ကွီလုံတိုင်ရွာ၌ မပေါက်ကွဲသေးသည့် ဗုံးဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေး ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ကော့ကရိတ် ကွီလုံတိုင်ရွာ၌ မပေါက်ကွဲသေးသည့် ဗုံးဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေး ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

880
Photo: CJ

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ-၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ကွီလုံ တိုင်ကျေးရွာ၌ မပေါက်ကွဲသေးသည့် ဗုံးကိုယူဆော့ ကစားမိရာမှ ပေါက်ကွဲပြီး ကလေး ၂ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားမှု ဇန်နဝါရီ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးမှာ စစ်ကောင်စီ ကွီလုံတိုင်စခန်းမကျခင်ချိန်က ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်သလို မပေါက်ကွဲဘဲ ကျန်ရှိနေသည်ကို မသိနားမလည်ရှာသည့် ကလေးငယ်များက သွားယူဆော့ကစားရာမှ ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“အဲဒီလက်နက်က ခွင်းဗုံးဖြစ်မယ်။ ပေါက်ကွဲပြီးတော့ အခွံတွေကို ဒီအနီးမှာရှိတဲ့ DKBA တွေက လာယူလိုက် တယ်။ ဟိုးကွီးလုံတိုင် စခန်းမကျခင်ကတည်း ပစ်ထားတဲ့ကျည်လား၊ အသစ်လာချတာလား တော့မသိဘူး။ အိမ်နဲ့ နီးနီးပဲ ဘယ်သူမှမတွေ့လိုက်ဘူး။ ကလေးတွေက အဲဒီကျည်ကိုတွေ့တော့ သွားဆော့ပြီးခေါက်ကြည့်တာလို့ ပြော တယ်” ဟု ၎င်းဒေသခံက ပြောသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အောက် ယောက်ျားလေး ၂ ဦး နေရာ၌ပင် သေဆုံးသွားသလို မိန်းကလေးနှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ထိုင်းနိုင်ငံ အုန်းဖန်မြို့ ဆေးရုံသို့ ပိုဆောင်ဆေးကုသနေရသည် ဟု သိရသည်။

သေဆုံးသွားသည့် ယောက်ျားလေး နှစ်ဦးမှာ စောဆာ့ဖိုးဟီးနှင့် စောဆာ့ဟီးဖောဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသည့် မိန်းကလေးနှစ်ဦးမှာ နန်းမူးလာယှူးနှင့် ငအမူးတို့ ညီအစ်မဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီဗျူဟာ စခန်းကုန်း မကျစဉ်က ကျေးရွာထဲသို့ လက်နက်ကြီးများ ပစ်ခတ်သည့်အတွက် ပြည်သူတို့၏ ရော်ဘာခြံများထဲ၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ကျန်ရှိနေခြင်းများရှိသည်ဟု ဒေသခံများက ပြောသည်။

ကျိုက်ဒုံအပြင် ကွီလုံတိုင်နှင့် ပိုင်ခလန်နယ်စပ်တွင် လက်ရှိ စစ်ကောင်စီတပ်စခန်းများ ကင်းစင်သွားပြီး ဖြစ်သော် လည်း စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် မကြာခဏလာရောက်လှည့်ပတ်ပျံသန်းလျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီက ကျိုက်ဒုံမြို့ပေါ်ကို လေကြောင်းမှ ဖျက်အားပြင်းဗုံး ကြဲချတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်။