Home သတင်း ကေအဲန်ယူဌာနချုပ်နယ်မြေအနီး ကာမီကာဇီဒရုန်း ၂လုံး တိုက်ခိုက်ခံရ၊ အရပ်သားတစ်ဦးဒဏ်ရာရ

ကေအဲန်ယူဌာနချုပ်နယ်မြေအနီး ကာမီကာဇီဒရုန်း ၂လုံး တိုက်ခိုက်ခံရ၊ အရပ်သားတစ်ဦးဒဏ်ရာရ

697
Photo: KNLA

ဇန်နဝါရီ ၃၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၇ နယ်မြေရှိ ကလို့ယော်လေး ကွင်းပြင်အနီးတွင် ယနေ့ မနက် ၇နာရီခွဲကျော်အချိန်၌ ကာမီကာဇီ အသေခံဒရုန်း ၂လုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာမှူးက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

အဆိုပါနေရာမှာ ၂၀၁၉ခုနှစ်က နှစ် ၇၀ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည့်နေရာဖြစ် ပြီး ယနေ့ကျရောက်သည့် ၇၆နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယခုလို တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ခန့်မှန်းထားကြပြီး ကာမီကာဇီ ဒရုန်း ကျရောက်သဖြင့် အေ ဆာက်အဦးတစ်ခု၊ ကားတစ်စီး ထိခိုက်ပျက်စီးပြီး လူတစ်ဦး ခြေထောက်တွင် ဒဏ်ရာရရှိ သွားသည်ဟု သိရသည်။

Photo: KNLA

ထိုနယ်မြေအတွင်း နေထိုင်သူတစ်ဦးက “ဒီနေ့ နံနက် ၇ နာရီခွဲကျော်မှာ တစ်လုံးကျတယ်။ ပြီးတော့ ၁၀မိနစ် လောက်ပဲခြားတယ် နောက်ထပ် တစ်လုံး ထပ်ကျတယ်။ အဲဒီနားမှာနေတဲ့ ကျနော့်သူငယ်ချင်းဆို လွတ်ရုံပဲ အသံ ကျယ်ကြီးနဲ့ မြေကြီးပါတုန်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့သည် ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ဖြစ်ပြီး တော်လှန်ရေးနေ့ အခမ်းအနား များကို လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး သက်ဆိုင်ရာ နေရာအသီးသီးတွင် ကျင်းပပြုလုပ်နေကြသည်။

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်ကလည်း တပ်မဟာ-၇ နယ်မြေရှိ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဌာနချုပ်ရှိရာ အနီးဝန်းကျင်နေရာတွင်လည်း အလားတူ ကာမီကာဇီ ဒရုန်း ၄လုံးဖြင့် တိုက်ခိုက်ခံခဲ့ရသေးသည်။