Home သတင်း ကရင်နီတွင် တစ်နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခု စစ်ကောင်စီကျူးလွန်ခဲ့ဟု IEC ပြော

ကရင်နီတွင် တစ်နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခု စစ်ကောင်စီကျူးလွန်ခဲ့ဟု IEC ပြော

568
Photo: KNDF

ဇန်နဝါရီ ၃၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခု စစ်ကောင်စီ ကျူးလွန်ခဲ့သည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC က ယနေ့ ဇန်နဝါရီလ ၃၁ရက်တွင် အစီရင်ခံစာထုတ်ပြန် ပြောဆိုသည်။

ကရင်နီ ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ စစ်မြေပြင်နှင့် ဝေးကွာသည့် အရပ် သားပြည်သူများ နေထိုင်ရာသို့ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်း ဗုံးကြဲချခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ ကြောင့် ပြည်သူများ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ဆုံးရှုံးစေခဲ့သလို မတရားဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် နေ့စဉ်နှင့် အမျှ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု IEC က ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှုပြန်လည်ရရှိနိုင်ရေးအတွက် ကရင်နီနှင့် ရှမ်းပြည်နယ် နယ်စပ် မိုးဗြဲ မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မှုများကို ယခုလအတွင်း လုပ်ဆောင်နေသည့်အတွက် ဒေသခံများ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

“စစ်ကြောင်းက ဖယ်ခုံကနေမိုးဗြဲကို လာတဲ့လမ်းမအတိုင်း ထိုးလာတာတွေရှိတယ်။ သူတို့ကလမ်းမကြီးကနေ ထိုးလာတာကို တွေ့ရတယ်။ စစ်ကြောင်းထိုးလာရင် ဒေသခံတွေက ဖယ်ခုံမြို့နယ်ရဲ့ အတွင်းပိုင်းကို မိုးဗြဲ အနောက်ဘက်ခြမ်းကနေ ရွေးသွားနေကြရတယ်”ဟု IEC အတွင်းရေးမှူး-၂ ခွန်ဗညားအောင်က ပြောသည်။

၎င်းအပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက စစ်ဘေးရှောင်စခန်းများသို့ လေကြောင်းနှင့် ဒရုန်း ဗုံးကြဲချတိုက် ခိုက်မှုပေါင်း (၃၆)ကြိမ်အထိလုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်သည့် ဖြစ်စဉ် (၄၆) ကြိမ်နှင့် ဒေသခံများ အားအကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း (၂၆)ကြိမ် တိတိကိုလုပ်ဆောင်ခဲ့သည်ဟု အစီရင်ခံစာ၌ ဖော်ပြထား သည်။

ထိုသို့ စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ဒေသခံပြည်သူအမျိုးသား (၄၁)ဦး၊ အမျိုးသမီး(၂၆)ဦး၊ ကလေးငယ်(၃၆)ဦး နှင့် အမည်မသိဒေသခံ(၃)ဦးတို့ အသေဆုံးသွားခဲ့သည်။ ထို့အပြင် ဒေသခံအမျိုးသား(၇၅)ဦး၊ အမျိုးသမီး(၄၈)ဦး၊ ကလေးငယ်(၃၉)ဦးနှင့် အမည်မသိဒေသခံ(၂၈၈)ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ကြသည်။

အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC နှင့် ကရင်နီ လူ့အခွင့်အရေးအဖွဲ့ -KnHRG တို့က စောင့်ကြည့်လေ့လာပြီး ပြုစုထုတ်ပြန်ခြင်းဖြစ်သည်။

ထို့အပြင် IEC က နိုင်ငံတကာသို့ စစ်ကောင်စီအားလေယာဉ်ဆီရောင်းချမှုကိုရပ်တန့်ရန်၊ ပြည်သူပိုင် အဆောက် အဦးများ ဖျက်ဆီးမှုများ ရပ်တန့်ရန်၊ စစ်ကောင်စီကိုယ်စားလှယ်များကို နိုင်ငံတကာအစည်းအဝေး များသို့ဖိတ်ခေါ် ခြင်းမပြုရန် တိုက်တွန်းပြောဆိုထားသည်။

အလားတူ စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ ကျားဖြန့်( အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း) နှင့် မူးယစ်ဆေးဝါ ရောင်းချမှု များကို ပူးပေါင်းတိုက်ဖျက်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်ပံ့ပိုးရန် လည်း IECက တိုက်တွန်း ပြောဆိုထားသည်။