Home သတင်း ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD အကြောင်း မိတ်ဆက်တင်ပြခြင်း

ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD အကြောင်း မိတ်ဆက်တင်ပြခြင်း

801

ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD အကြောင်း မိတ်ဆက်တင်ပြခြင်း

“Karen National Collage ဖွင့်ဖို့ ရည်ရွယ်ထားတယ်” ပဒိုစောအယ်ကလူထူး

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD သမိုင်းကြောင်း၊ ရည်ရွယ် ချက်၊ ရည်မှန်းချက် နှင့် လက်ရှိလုပ်ဆောင်နေမှု စသည်တို့ကို အများပြည်သူသိရှိနိုင်ရန် ဌာနအတွင်းရေးမှူး ပဒိုအယ်ကလူထူးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။

မေး။ ။ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနကို ဘယ်နှစ်မှာစတင် ဖွဲ့စည်းတည်ရှိခဲ့သလဲ။ ဌာနရဲ့ ရည်မှန်းချက်ကို ကနဦး ရှင်းပြပေးပါ။
ဖြေ။ ။ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနကို ၁၉၄၇ ခုနှစ် KNU အဖွဲ့အစည်း စတင်ဖွဲ့စည်းကတည်းက KNU လက်အောက်က ဌာနတစ်ခုအနေနဲ့ ၁၉၄၇ ခုနှစ်မှာဘဲ စတင်ပါဝင် ဖွဲ့စည်းခဲ့တယ်။ ကရင့်ပညာရေးနဲ့ ယဉ်ကျေးမှု ဌာနရဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်က ပြည်တွင်း တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်ဖို့အတွက် ဖြစ်တယ်။ အရည်အချင်းပြည့်ဝတဲ့ ကျောင်းသားလူငယ်တွေကို မွေးထုတ်ပေးတဲ့ ပညာရေးပေါ်လစီ တည်ရှိဖို့၊ ကရင်တွေရဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုအစဉ်အလာတွေကို ထိန်းသိမ်းဖို့အတွက်က ကျနော်တို့ဌာနရဲ့ ရည်မှန်းချက်နဲ့ လုပ်ငန်း စဉ်တွေ ဖြစ်ပါတယ်။

မေး။ ။ ကရင့်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ဘယ်လိုရှိပါသလဲ။ အဓိက လုပ်ငန်းစဉ်တွေ အကြောင်းကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ခုနပြောသလိုဘဲ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက KNU ရဲ့ ဌာနတစ်ခုဘဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဌာန ဖွဲ့စည်းတည်ဆောက်ပုံက ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆိုပြီး အဆင့် (၃)ဆင့်ရှိပါတယ်။ ဌာနရဲ့ အဓိက လုပ်ငန်းတွေကတော့ နံပါတ်(၁)ကတော့ အခြေခံပညာရေး ၊ နံပါတ်(၂)ကတော့ အဆင့်မြင့် ပညာရေး ဖြစ်တယ်။ နံပါတ်(၃)ကတော့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်း၊ နံပါတ်(၄) ကတော့ ရုံးစီမံခန့်ခွဲရေး ဖြစ်ပါတယ်။ တစ်ရက်ပြီးတစ်ရက် နေ့စဉ်ရုံးလည်ပတ်ဖို့အတွက် ရုံးစီမံခန့်ခွဲရေးကလည်း အဓိကလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တခြားတစ်ခုကတော့ စီမံကိန်းဖြစ်ပါတယ်။ စီမံကိန်းဆိုတာ ကျနော်တို့ရဲ့ ဌာန ချမှတ်ထားတဲ့လုပ်ငန်းထဲက မဟုတ်ဘဲ သီးခြားလုပ်တဲ့ စီမံကိန်းတွေကလည်း အဓိကချမှတ်ထားတဲ့ လုပ်ငန်းထဲမှာ ပါဝင်ပါတယ်။

မေး။ ။ ဌာနရဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့အခါမှာ ဘာအခက်အခဲတွေ ရင်ဆိုင်ရလဲ။
ဖြေ။ ။ ဌာန ရင်ဆိုင်ရတဲ့အခက်အခဲတွေက တစ်နှစ်နဲ့တစ်နှစ် မတူကြဘူး။ အရင်အချိန်တွေမှာ ကျနော်တို့ရဲ့ စာပေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို သင်ကြားဖို့ အခွင့်အရေး သိပ့်မရှိဘူး။ တခြားအခက်အခဲကတော့ လူအင်အားဘဲ။ HR လိုမျိုး လူသားအရင်းအမြစ်တွေဘဲဖြစ်ဖြစ် ၊ ရုံးပစ္စည်းတွေကလည်း တခါတလေ လုပ်ငန်းထဲမှာ ကျနော်တို့ ရင်ဆိုင်ခဲ့ရတာ တော်တော်များများ ရှိပါတယ်။ အဲဒီထက်ပိုပြီး မြေနေရာတွေဘဲဖြစ်ဖြစ် ၊ အဆောက်အဦးတွေဘဲ ဖြစ်ဖြစ် ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ တော်တော်များများ ရှိပါတယ်။

မေး။ ။ ကရင့်ပညာရေးဌာန ရှိနေတဲ့အတွက် ကရင်လူမျိုးတွေအတွက် အင်အားဘယ်လောက် ဖြစ်ပါသလဲ။ နည်းနည်း သုံးသပ်ပေးပါလား။
ဖြေ။ ။ လူမျိုးတစ်မျိုးဆိုတာ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာ ၊ ရိုးရာယဉ်ကျေးမှုနဲ့ စာပေ ရှိရတယ်။ ကရင် ပညာရေး နဲ့ ယဉ်ကျေးမှုဌာန ရပ်တည် ရှိနေသေးတဲ့အတွက် ကျနော်တို့လူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းထားနိုင် တယ်။ ပြီးတော့ စာပေနဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း ထိန်းထားနိုင်တယ်။ အဲ့ဒါထက် မြန်မာပြည်ထဲမှာ ရှိတဲ့ ကရင်တွေ အတွက် နေတဲ့ နေရာဒေသ မတူကြပေမယ့် ယဉ်ကျေးမှု၊ ဘာသာစကား ၊ စာပေရှိနေသေးတဲ့အတွက် အင်အားတစ်ခု ဖြစ်တယ်။

အရင်ခေတ်ကိုကြည့်မယ်ဆိုရင် ၁၉၄၇ နောက်ပိုင်း ကရင်တွေအတွက် မြန်မာပြည်ထဲမှာ ကရင်အထက်တန်း ကျောင်းတွေ ရှိခဲ့တယ်။ အဲဒါကြောင့် ကရင်တွေက တခြားနိုင်ငံရပ်ခြားကို ပညာဆက်လက်သင်ယူဖို့အခွင့်အရေး ရကြတာကိုတွေ့ရတယ်။ အခုခေတ်မှာကတော့ တချို့တလေက သူတို့ရရှိတဲ့ အသိပညာနဲ့ သူတို့ အတတ်ပညာ တွေကို ကျနော်တို့ဆီက လူမှုအသိုင်းအဝိုင်းတွေကို ပြန်လည်ဖြန့်ဝေကြတယ်။ အဲဒါတွေကလည်း အင်အားတွေ အများကြီး ဖြစ်တာ တွေ့ရပါတယ်။

မေး။ ။ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနကို စတင်ဖွဲ့စည်းတဲ့အချိန်က ဘယ်သူတာဝန်ယူခဲ့တာလဲ။ တစ်ဆင့် ပြီးတဆင့် တာဝန်ယူခဲ့သူတွေနဲ့အတူ အခုအချိန်အထိ ခေတ်ဘယ်နှစ်ဆက် ရှိခဲ့ပြီလဲ။ ဘယ်နှစ်ယောက် တာဝန်ယူ ခဲ့ပြီးပြီလဲ။ အများသိအောင် သမိုင်းကြောင်းလေး ပြောပြပေးပါ။
ဖြေ။ ။ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန စတင်ဖွဲ့စည်းချိန် ဖြစ်တဲ့ ကေအဲန်ယူကို စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၄၇ ခုနှစ် ကတည်းက ကျနော်တို့ရဲ့ ဌာန ဥက္ကဌက အားလုံး (၁၀) ယောက်ရှိပြီ။ ၁၉၄၇ ကနေပြီး ၁၉၄၉ အထိက ဖူးပဒို စောဟန်တာသာမွေးက ဥက္ကဌ တာဝန်ယူတယ်။ အဲဒီမှာ တစ်နှစ်လစ်ဟာခဲ့တယ်။ ၁၉၅၀ မှာ ဥက္ကဌနေရာ တာဝန် ယူတဲ့သူ မပေါ်ဘူး။ ၁၉၅၁ကနေ ၁၉၅၂ အတွင်း ဥက္ကဌကျတော့ ပဒို့စောတောင်က ဒုတိယမြောက် ဥက္ကဌ တာဝန် ယူခဲ့တယ်။

တတိယမြောက် ဥက္ကဌတာဝန်ကိုတော့ ၁၉၅၃ ကနေ ၁၉၆၃ အထိ ဖူပဒိုဘထူးကတာဝန်ယူတယ်။ စတုတ္ထ မြောက် ဥက္ကဌတာဝန်က ၁၉၆၆ ကနေ ၁၉၆၉ အထိ ပဒိုစောချားလေး ဖြစ်တယ်။ ၁၉၇၀ ကနေ ၁၉၇၄အထိ ပဉ္စမ မြောက် ဥက္ကဌတာဝန်က ပဒိုစောဘောယူဖေါဖြစ်တယ်။ ၁၉၇၆ မှ ၁၉၉၀ အထိ သတ္တမမြောက် ဥက္ကဌက ပဒိုစောဘသင်စိန် ဖြစ်တယ်။

အဌမမြောက်ဥက္ကဌက ပဒိုရွှေယာဟဲ ဖြစ်ပြီး ၁၉၉၁ မှ ၁၉၉၉ အထိ တာဝန်ယူတယ်။ နဝမမြောက် ဥက္ကဌတာဝန် ကိုတော့ ပဒိုစောလါးစေး ၁၉၉၉ ကနေပြီးတော့ ၂၀၁၈ အထိ တာဝန်ယူတယ်။ နောက်ဆုံး ဥက္ကဌတာဝန်ယူ တာကတော့ ပဒိုစောလော်အဲ့မူး ၂၀၂၃ ကစပြီး အခု ၂၀၂၅ အထိ ဖြစ်တယ်။ ၁၉၄၇ ခုနှစ် ကရင့် ပညာရေးနှင့် ယဉ်ကျေးမှု ဌာန စတင်ဖွဲ့စည်းပြီးနောက်ပိုင်း ယခုအထိ ဌာနဆိုင်ရာ ဥက္ကဌ (၁၀)ယောက်ရှိပြီး ဖြစ်ပါတယ်။

မေး။ ။ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာနရဲ့ ရပ်တည်ချက်ကို ကြည့်မယ်ဆိုရင် နံပါတ် (၁) ကျောင်းသူ ကျောင်းသားတွေ ပညာသင်ယူနိုင်ဖို့က အဓိကလုပ်ငန်းဖြစ်တယ်။ ဒီတော့ ဟိုးကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန စတင်ဖွဲ့စည်းချိန်ကစလို့ ဒီကနေ့အထိ ကော်သူးလေ အတွက်ဖြစ်စေ၊ ကေအဲန်ယူအတွက် ဖြစ်စေ ဘာတွေ အကျိုး ကျေးဇူး ရရှိစေသလဲ။ သုံးသပ်ပြပေးပါလား။
ဖြေ။ ။ ၁၉၄၇ ခုနှစ်နောက်ပိုင်း ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန ပဒိုစောဟန်တာသာမွှေးခေတ်ကစပြီး တစ်ခေတ်ပြီး တစ်ခေတ် ပြီးလို့ အခုခေတ်မှာ ကြည့်မယ်ဆိုရင်တကယ်တမ်း လက်တွေ့ ကျနော်တို့ဒေသမှာ ကေအဲန်ယူရဲ့ ဦးစီးဦးဆောင်မှု တပ်မဟာ ၊ ခရိုင် (၇)ခု ရှိတယ်။ အရင်အချိန်တုန်းက ကျနော်တို့ကျောင်းတွေက အရေအတွက် နည်းနည်းလေးဘဲ ရှိတယ်။ အခုကတော့ ကျနော်တို့ရဲ့ ကော်သူးလေ အထက်တန်းကျောင်းတွေ များလာတယ်။ များလာရုံမကသေးဘူး။ ကော်သူးလေအတွင်း ဂျူနီယာကောလိပ်တွေကို ဖွင့်လာနိုင်ခဲ့တာကို တွေ့ရတယ်။

အဲဒါနဲ့တင်မကသေးဘူး ။ တခြားကျောင်းတွေဖြစ်တဲ့ ဆေးဘက်ဆိုင်ရာကျောင်း နဲ့ အမေရိကန်သိပ္ပံ ကျောင်းတွေ ကို ဖွင့်နိုင်ခဲ့တယ်။ ခုန ကျနော်ပြောခဲ့သလိုဘဲ။ ၁၉၄၇ ခုနှစ် ကစပြီး ခေါင်းဆောင်တွေက ဌာနဆိုင်ရာတွေကို စတင်ဖွဲ့စည်းပြီး လုပ်ငန်းစဉ်တွေ ချမှတ်ထားခဲ့ပြီးနောက်ပိုင်း စကားအကုန်ပြောရမယ်ဆိုရင် မြန်မာအစိုးရက ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာနရဲ့ ပညာရေးကို အသိအမှတ်မပြုဘူး။ ကျနော်တို့လည်း သူတို့ကို အသိအမှတ် မပြုပါဘူး။

ဒါကြောင့် ခုန ပြောသလိုဘဲ ဌာနဆိုင်ရာခေါင်းဆောင်တွေနဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ် မှုကြောင့် ကျောင်းသူကျောင်းသားများဟာ မြန်မာပြည်ထဲမှာ တက္ကသိုလ် မတက်ရသည့်တိုင်အောင် တခြား တက္ကသိုလ်တွေ ဖြစ်တဲ့ ထိုင်းနိုင်ငံထဲက တက္ကသိုလ်၊ ပြီးတော့ တခြားနိုင်ငံက တက္ကသိုလ်တွေကို တက်ရတာ ပိုတွေ့လာရတယ်။ အဲဒါတွေဘဲမကဘူး။ ကျောင်းပြီးသွားတဲ့ ကျောင်းသူကျောင်းသားတွေက ကျနော်တို့ရဲ့ အဖွဲ့အစည်း ၊ ဌာနဆိုင်ရာတွေမှာ အမျိုးသားရေးအတွက် ပြန်လည်ဦးစီး လက်တွဲလုပ်ဆောင်ကြတာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့ရပါတယ်။

ကျနော်တို့ရဲ့ မိခင်ဘာသာစကားကို အရင်တုန်းက မြန်မာပြည်ထဲမှာ ပြောမယ်ဆိုရင် ဗမာတွေက ကျနော်တို့ကို ပိတ်ပင် နှိမ်ချပါတယ်။ အခု ကျနော်တို့ရဲ့ မိခင်ဘာသာစကားနဲ့ စာတွေကို မြှင့်တင်ဖို့အတွက် ကျနော်တို့ လူမျိုး တွေ ကြားထဲမှာ မိခင်ဘာသာစကားဆိုတာ ဘာလဲ။ သူတို့ ပိုနားလည်လာတယ်။ မိခင် ဘာသာက ဘာလို့အရေး ကြီးလဲဆိုတာ လူမှုအသိုင်းအဝိုင်းနဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေ၊ ကျောင်းသားမိဘတွေက တန်ဖိုးထားလာကြ တာကို တွေ့ရလို့ ကျနော်တို့အတွက် အများကြီး အင်အားဖြစ်ပါတယ်။

မေး။ ။ အရင်အချိန်နဲ့ ယခုအချိန် ကျောင်းနဲ့ ကျောင်းသူကျောင်းသားများရဲ့ တိုးတက် များပြားလာမှု အရေ အတွက် အခြေအနေကို ပြောပြပေးပါလား။
ဖြေ။ ။ ကျနော်ဌာနထဲမှာ လုပ်ခဲ့တာ ၁၀ နှစ်ကျော်ဘဲ ရှိသေးတယ်။ အရင်တုန်းကနဲ့ နှိုင်းယှဉ်ခဲ့မယ်ဆိုရင် လွန်ခဲ့ တဲ့ အချိန်တွေတုန်းက ကျနော်တို့ကျောင်းက အရေအတွက် ရာဂဏန်းလောက်ဘဲ ရှိခဲ့တယ်။ အခု ခရိုင်(၇) ခုမှာ ကျောင်းအရေအတွက်က တစ်ထောင်ကျော်လောက် ရှိပါတယ်။ ကျောင်းဆရာ အရေအတွက်က ခုနှစ်ထောင် ကျော် လောက်ရှိတယ်။ ကျောင်းသူ ကျောင်းသားအရေအတွက်က တစ်သောင်းကျော် လောက်ရှိပါတယ်။ လက်ရှိ အခြေအနေအရ နယ်မြေတွေကလည်း ကျယ်လာတယ်။ အဲဒါက ဘယ်လိုပြောရမလဲဆိုတော့ တချို့ ကိုယ့်ရဲ့ ပညာရေးကို အသိအမှတ်ပြု တန်ဖိုးထားကြလို့ ကျောင်းတွေ များလာသလို ကျောင်းသူကျောင်းသားတွေကလည်း များလာတာ ဖြစ်ပါတယ်။

မေး။ ။ ကရင့်ပညာရေးဌာနမှာ တာဝန်ရှိတဲ့သူတစ်ယောက်အနေနဲ့ ကရင့်ပညာရေးလုပ်ငန်းတွေနဲ့ ပါတ်သက်ပြီး ပြည်သူ တွေကို ဘာများ အသိပေးချင်တာ ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအနေနဲ့ အထူးသဖြင့် ဒီလိုအချိန် မြန်မာပြည်ထဲက အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေက ကျောင်းတက်ဖို့အခွင့်အရေး ဆုံးရှုံးကြတာကို တွေ့ရတယ်။ ဌာနက ခုန ပြောသလိုဘဲ ။ တပ်မဟာ-ခရိုင် (၇)ခုလုံးထဲမှာ ကျနော်တို့ ဖွဲ့စည်းပုံအတိုင်း ကျနော်တို့ရဲ့ ဌာနဥက္ကဌ၊ ဌာန အတွင်းရေးမှူးတွေ ရှိတယ်။တခြား စာအုပ်၊ စာရေးကိရိယာနဲ့ အရည်အချင်းပိုင်းဆိုင်ရာအတွက် လူနည်းစုနဲ့ လုပ်လို့မရဘူး။

ဒါကြောင့် နယ်မြေခံ ခေါင်းဆောင်တွေဘဲဖြစ်ဖြစ်၊ ပြင်ပ ပညာရှင်တွေဘဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ပညာရေး တိုးတက် စေဖို့ နည်းလမ်း ဒါမှမဟုတ် ပညာရေးမြှင့်တင်ဖို့အတွက် ဝေမျှကြရုံမကဘဲ ပူးပေါင်းလုပ်ဆောင်ကြမယ်။ ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် ပညာရှင်တွေကိုလည်း ကျနော်တို့ ဖိတ်ခေါ်တယ်။ ကျနော်တို့ဌာနမှာ ပြန်လည် အကြံပြုဖို့ နဲ့ အတူလက်တွဲဆောင်ရွက်ဖို့အတွက်ကို ဖိတ်ခေါ်တဲ့ အကြောင်းပြောချင်ပါတယ်။

မေး။ ။ လက်ရှိကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာနနှင့် ပါတ်သက်ပြီး ပြည်သူကို ပြောပြစေချင်တဲ့ အကြောင်း အရာတွေ ထပ်ရှိဦးမလား။
မေး။ ။ ကရင့်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနမှ (၁၇)ကြိမ်မြောက် ကေအဲန်ယူ ကွန်ကရက်ပြီးတဲ့နောက်ပိုင်း Karen National Collage ကို ဖွင့်ဖို့ ရည်ရွယ်ထားတယ်။ ဒီနှစ်အတွင်း ကျနော်တို့ရဲ့ လုပ်ငန်းအစီစဉ် မဟာဗျူဟာထဲမှာ ရေးဆွဲထားပြီးပါပီး။ အဲဒါတင် မကသေးဘူး။ဒီ လုပ်ငန်းအစီအစဉ်အတွက် တက္ကသိုလ်ဘွဲ့ရတဲ့ ပညာရည်ပြည့်ဝတဲ့ လူငယ်တွေ ပြန်လာဝိုင်းကူဖို့ ဖိတ်ခေါ်တယ်။ နောက်ပြီး ကော်သူးလေမှာ ၁၂ တန်းအောင်ပြီးတဲ့ ကျောင်းသူ ကျောင်းသား တွေအနေနဲ့လည်း အလုပ်လုပ်မယ်ဆိုရင် အခွင့်အရေးတစ်ခုအနေနဲ့ ဝင်လုပ်လို့ ရတယ်လို့ သတင်းစကား ပါးချင်ပါတယ်။